``ရွှေနံ့သာဆိုက်မှ ကြိုဆိုပါတယ်´´

စံပြမိဘများ

>> Wednesday, July 28, 2010


လူငယ်နဲ့ ခေါင်းဆောင်မှု အဆက်....

လူငယ်တွေကို အသိပညာ၊ အတတ်ပညာသင်ပေးကြတယ်။ ကိုယ်တုန်းကမစွမ်းဆောင်နိုင်မှုတွေဟာ လူငယ်တွေအပေါ် ကိုယ်ကထမ်းဆောင်ကြရတဲ့အခါ မိဘများဟာ ကိုယ့်ထက်သာစေချင်တဲ့ သဘောနဲ့သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတယ်။ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် စွမ်းဆောင်စေခဲ့ကြတယ်။ ဒါဟာလည်း တိုးတက်လာမှုနဲ့အညီ မိဘများရဲ့ ကြီးမားတဲ့မျှော်လင့်ချက်တွေဖြစ်ပါတယ်။ အချို့မိဘများကတော့ ကလေးကိုတော်စေချင်တာတစ်ခုတည်းနဲ့ နည်းအမျိုးစုံနဲ့ ဖိနှိပ် ချုပ်ခြယ်ကြတယ်။ ဒါဟာ ကလေးရဲ့စိတ်ဓာတ်ကို ရိုက်ချိုးပစ်လိုက်တာနဲ့တူပါတယ်။ ဖိအားတွေအရမ်းပေးတော့ ကလေးဟာ ကိုယ်ဖြစ်ချင်သလိုမဖြစ်တော့ဘဲ နောက်ဆုံးဘာမှအသုံးမကျတဲ့ လူငယ်တစ်ယောက်ဖြစ်သွားရတာတွေလည်း မနည်းတော့ဘူးပေါ့။ ဒီတော့ ကလေးကို အရမ်းချုပ်ခြယ်လို့တော့ မဖြစ်ဘူး။ ပုံစံအမျိုးမျိုးနဲ့ စတိုင်လ်အမျိုးမျိုးနဲ့ ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင် ပြီး မရရအောင် မောင်းတတ်တဲ့ မိဘတွေအနေနဲ့ ဒါကိုကြိုးစားပြီး ရှောင်ရှားစေချင်ပါတယ်။

တောကရွာလေးတစ်ရွာမှာ သမီးတွေချည်းသာ မွေးဖွားထားခဲ့တဲ့ မိဘများရှိတယ်။ လက်လုပ်လက်စားဘဝဆိုပါတော့။ အားလုံး သမီးချည်း(၆)ယောက်ပေါ့။ ဒီသားအမိတွေ ကြည့်ရတာမြင်ရသူတိုင်း စိတ်ချမ်းသာကြတယ်။ အားလုံးတပျော်တပါးဆိုပါတော့။ သူငယ်ချင်းတွေလည်း ချစ်ချစ်ခင်ခင်။ လုပ်စရာရှိတာလည်း မခိုမကပ်ကြဘူး။ မိဘများကလည်း အားလုံးကို ဘွဲ့ရပညာတတ်တွေ အထိ ကျောင်းထားပေးကြတယ်။ အမ်အေတွေအထိဆိုပါတော့။ ပီအိတ်ခ်ျဒီအတွက်တောင် လုံးပန်းနေတဲ့အထိ။ သူတို့ဟာ ခြွေတာ ကြတယ်။ ကြိုးစားကြတယ်။ မိဘကို ဘယ်တော့မှစိတ်ဆင်းရဲအောင် မလုပ်ကြဘူး။ အားလုံးတက်ညီလက်ညီဆိုပါတော့။ မိဘတွေ ကလည်း သူတို့သာ မတတ်မြောက်ခဲ့ကြပေမယ့် သမီးတွေပညာတတ်ဖြစ်အောင် အစွမ်းကုန်ကြိုးစားပေးခဲ့တယ်။ ရုန်းကန်ခဲ့ကြတယ်။ တကယ်တော့ အခြားသော ပစ္စည်းရှိသူတွေတောင် သူတို့လို ပညာရေးကို အားမပေးကြဘူး။ နောက်တစ်ခုက ကလေးတွေကို မချုပ်ချယ်ဘူး။ လွတ်လပ်ခွင့်အမြဲပေးတယ်။ ကလေးတွေအနေနဲ့လည်း အားလုံးလိုလို အလိုက်သိကြတယ်။ မိဘတွေ ဘယ်လိုရုန်းကန် ပြီး ထားခဲ့ကြတယ်ဆိုတာ သူတို့သိတယ်။ ဒီတော့ အားလုံးကလည်း ပညာတတ်ဘွဲ့ရတွေဖြစ်အောင် ကြိုးစားကြတယ်။ အငယ်ဆုံး ကလေးနှစ်ယောက်သာ ကျောင်းမပြီးသေးတာ။ အခုတော့ ပြန်လည်ပြီးကြီးတဲ့အမဖြစ်သူတွေဟာ ပြန်လည်ပြီးတော့ မိဘတွေကို လုပ်ကျွေးနိုင်ကြပါပြီ။ အလတ်မလေးတစ်ယောက်ကတော့ ပီအိတ်ခ်ျဒီအတွက် ဆက်ပြီးလေ့လာနေဆဲပေါ့။ ဒီတော့ ဒီလိုမိဘမျိုးတွေကို ဆထက်တိုးတက်ပေါများလာဖို့ စံပြအဖြစ်နဲ့ တိုက်တွန်းချင်ပါတယ်။ မရှိဘူး၊ မဖြစ်ဘူး၊ မတတ်နိုင်ဘူးဆိုတာတွေ ဘယ်တော့ မှ ကလေးစိတ်ဆင်းရဲအောင် မလုပ်ကြဘူး။ မရရအောင်စွမ်းဆောင်နိုင်အောင် ဖြေရှင်းပေးကြတယ်။ အင်မတန်ကို လေးစားဂုဏ် ယူထိုက်တဲ့ မိဘတွေဖြစ်သလို၊ ကလေးတွေအနေနဲ့ ကိုယ့်ဘဝအခြေအနေကို သိပြီး ကြိုးစားမှုတွေဟာ တော်တော်လေး ဂုဏ်ပြု ထိုက်ပါတယ်။ ဒီတော့ စံပြမိသားစုအဖြစ် မိမိကတော့ စိတ်ထဲကနေ သတ်မှတ်နေမိပါတယ်။

အခုခေတ်က တောရော၊ မြို့ပါ ကလေးငယ်တွေက ကလေးတွေနဲ့မတူတော့ဘူး။ အရမ်းကို ဖိစီးမှုဒဏ်တွေနဲ့ ခံနေကြရ တယ်။ အိုင်တီခေတ်၊ အိုင်တီခေတ်ဆိုတာတွေ ကြွေးကျော်လွန်းပြီး ကလေးတွေကို အရမ်းဖိနှိပ်ချုပ်ချယ်လွန်းတာတွေဟာ လွတ် လွတ်လပ်လပ် အားအင်အပြည့်နဲ့ ရှင်သန်ချင်နေတဲ့ပန်းပင်လေးကို အမြစ်ကနေနှုတ်နှုတ်ပြီး ရှင်လား၊ သေလားဆိုတာ စမ်းသပ် နေတဲ့ မြောက်တွေလိုဖြစ်နေတယ်။ ဒီတော့ ဒါမျိုးတွေကို သတိထားပြီး ပြုမူစေချင်ပါတယ်။ ကလေးတွေကို အရမ်းကို မဖိနှိပ်ပါနဲ့၊ မချုပ်ချယ်ပါနဲ့၊ တင်းကျပ်တဲ့ စည်းကမ်းဥပဒေသတွေကို မထုတ်ပြန်ပါနဲ့၊ လွတ်လပ်ခွင့်ပေးပါ။ အရမ်းတင်းလွန်းရင်လည်း ပြတ် သွားတတ်ပါတယ်။ သို့သော်လည်း အရမ်းကြီးလျော့လွန်းရင်လည်း ရစ်သွားတတ်ပါတယ်။ ဗုဒ္ဓဟောတဲ့၊ သူကိုယ်တိုင်လိုက်နာခဲ့တဲ့ မတင်းလွန်း၊ မလျော့လွန်းတဲ့ မဇ္ဈိမပဋိပဒါလမ်းဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ကိုသာ လိုက်သင့်ပါတယ်။ အခုဖြစ်နေတာက ကလေးငယ်ဟာ တစ်နေကုန် စာ စာ စာ တွေနဲ့ပဲ နပန်းလုံးနေကြရတယ်။ ကျောင်းကသင်တာတွေ၊ ပြန်ရောက်ပြီး ကျူရှင်ကို ရေတောင်ကောင်းကောင်းမသောက်ရသေးဘူး ဆက်သွားရတာတွေ၊ ညဘက်အိမ်ပြန်ရောက်တော့ ကျောင်းကပေးတဲ့အိမ်စာတွေ၊ ကျူရှင်ပေးတဲ့ စာတွေနဲ့ နပန်းလုံးပြီး စားချိန်တောင်ကောင်းကောင်းမရ၊ နားချိန်ဆိုတာ ဝေလာဝေးပြီ။ အိပ်ချိန်တွေတောင် လုပြီးအိပ်နေကြရတယ်။ ဒီလိုနဲ့ မနက်ကျောင်းယူထားသူဆိုရင် စောစောထ။ မိုးလင်းတာနဲ့ကျောင်းသွား။ ဒီလိုပဲ တစ်နေကုန်ကျ ရပြန်တယ်။ ဒါတွေကို နားလည်ပေးကြဖို့ပါ။ မှာချင်တာကတော့ တင်းလွန်းရင် ပြတ်သွားတတ်တယ်ဆိုတာပါပဲ။ ကျောင်းစာကို အားပေးတာကိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ချုပ်ချယ်လွန်းတာကိုတော့ လုံးဝမလုပ်သင့်ဘူးဆိုတာကို ထပ်ပြီးမှာလိုပါတယ်။



ကျောင်းပြီးအောင်မတက်ခဲ့ကြရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

တစ်ချို့ကိုယ့်အနေနဲ့ ကျောင်းစာကိုအထွတ်အထိပ်အထိရောက်အောင် ဒီဂရီလေးတစ်ခုခုရအောင် တက်ချင်ကြသည်။ သို့သော် အမျိုးမျိုးသောအကြောင်းကြောင်းကြောင့် မတက်ဖြစ်နိုင်ခဲ့ပါ။ သို့အတွက် အဆိုပါပုဂ္ဂိုလ်များအတွက် ထွက်ပေါက်လေး တစ်ခုတလေတော့ ရကောင်းပါသည်။ စိတ်ဓာတ်တစ်စုံတရာ ပြုပြင်ပြောင်းလဲပြီး မထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုကို ရရှိကောင်းရရှိလိမ့်မယ်ဟု ထင်မြင်ယူဆမိပါတယ်။ ဒါကြောင့် ကျောင်းပြီးအောင်မတက်ခဲ့ရသော်လည်း လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်မှု၊ ကျော်ကြားမှု၊ ထင်ပေါ်မှုများနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်(၁ဝ)ဦးကို တိုင်းမ်မဂ္ဂဇင်းကြီးက စစ်တမ်းကောက်ပြီး ဖော်ပြ လိုက်ပါတယ်။ အဲဒီကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။

၁။ ဘီလ်ဂိတ်
သူဟာ ဟားဗက်တက္ကသိုလ်မှာ ၁၉၇၃ခုနှစ်တွင် တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်းပဲ သူဟာနှစ်နှစ်လောက်သာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းပြီးအောင် မတက်ရောက်ဖြစ်ခဲ့ပါဘူး။ သူ့ သူငယ်ချင်းဖြစ်သူ ပေါလ်အယ်လင်နှင့်အတူ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ၂ဝဝ၇ခုနှစ်မှာတော့ ကျောင်းကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ် ခဲ့ခြင်းကို ခံခဲ့ရပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး(၁ဝ) ဦးထဲမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့သူဖြစ်ပါတယ်။ သူဟာ အသက်(၅၂)နှစ် အရွယ်သာရှိသေးသော်လည်း သူ့ရဲ့ချမ်းသာမှုဟာ ဒေါ်လာ ၅၉ဘီလီယံအထိ ချမ်းသာနေခဲ့ပါတယ်။ ချမ်းသာသလောက် အလှူအတန်း မှာလည်း ရက်ရက်ရောရောရှိလှတဲ့အတွက်ကြောင့် သူ့ကိုလူများတော်တော်လေး သိကျွမ်းကြပါတယ်။

၂။ စတိဗ်ဂျော့ဘ်
ဒီလူကတော့ အခုလူတော်တော်များ အသုံးပြုနေကြတဲ့ Apple – Nixt အစရှိတဲ့ ကွန်ပျူတာတွေ ထုတ်လုပ်နေပြီး၊ Pixar ကုမ္ပဏီကို ထူထောင်ခဲ့သူဖြစ်ပါတယ်။ သူပြောတာကတော့ သူဟာတကယ်လို့ ကျောင်းဆက်တက်နေခဲ့မယ်ဆိုရင် အခု တစ်ကမ္ဘာလုံးခေတ်စားပြီး အသုံးများ၊ တန်းဖိုးကြီးလှတဲ့ iPad-iPod-MuzzLightyear ကဲ့သို့သော အရာများ ပေါ်ပေါက်လာ လိမ့်မယ်မထင်ပါဘူးတဲ့။ သူဟာ စီးပွားရေးအခက်အခဲကြောင့် ရိဒ်ကောလိပ်ကို ခြောက်လမျှသာ တက်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူပြောတာကတော့ သူ့အနေနဲ့ကျောင်းပညာရေးကို ပြီးဆုံးတိုင်မတက်ရောက်ဖြစ်ခဲ့သော်လည်း၊ ကောလိပ်ပညာရေးဟာ အချီးအနှီးမဖြစ်ကြောင်း စတန့်ဖိုဒ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့စဉ်က ထည့်ပြောသွားခဲ့ပါတယ်။ သူပြောတာကတော့ သူဟာ ကောလိပ်မှာ ခြောက်လသာတက်ရောက်ခဲ့ရပေမယ့် သူသင်ခဲ့ရတဲ့ လက်ရေးလှပညာက မက်ကင်တော့ ကွန်ပျူတာတွက် အသုံးပြုသော လက်နှိပ်စက်ပညာအတွက် အခြေခံကို ရရှိစေခဲ့ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

၃။ ဖရန့်လွိုက်ရိုက်
သူကတော့ အမေရိကတိုက်မှာ အထင်ရှားဆုံး ဗိသုကာပညာရှင်ဖြစ်ပါတယ်။ သူအနေနဲ့ကတော့ ဝှစ်ကိုဆင်-မက်ဒီဆင် တက္ကသိုလ်မှာ တစ်နှစ်လောက်သာ ကျောင်းတက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ချီကာဂိုကိုသွားရောက်ခဲ့ပါတယ်။ သူဟာ ကမ္ဘာကျော်အဆောက်အအုံဒီဖိုင်း ငါးရာကျော်ကို ရေးဆွဲပေးခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ခေတ်သစ်ဗိသုကာပညာရှင်များရဲ့ ဖခင်လို့ထင်ရှားခဲ့သူဖြစ်ပါတယ်။ သူရဲ့ထင်ရှားတဲ့ ကမ္ဘာကျော်အဆောက်အအုံများမှာ ဖောလင်းဝါးတားနဲ့နယူယောက်မှာရှိတဲ့ ဆိုလို မွန်အားဂတ်ဂျန်ဟိမ်းပြတိုက် အဆောက်အအုံတို့လည်း ပါဝင်ခဲ့ပါတယ်။

၎။ ဘက်မင်စတာဖူလာ
သူကလည်း ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်ကြီးမှာ ကျောင်းကနေနှစ်ကြိမ်တိုင်တိုင် ထွက်ခဲ့ပြီး။ ကောလိပ်ပညာရေးကို လုံလောက်စွာမရှိခဲ့သော်လည်း ကမ္ဘာကျော်ဗိသုကာပညာရှင်နဲ့ တီထွင်သူပါရဂူဖြစ်လာခဲ့ပါတယ်။

၅။ ဂျိမ်းကင်မရွန်း
အောက်စကာဆုရ ဒါတာကြီး ဂျိမ်းဟာ သူ့ဘဝစောစောပိုင်းအနေနဲ့ ဟောလိဝုဒ်ပညာနဲ့ နည်းနည်းမှ ပတ်သက်ခဲ့ခြင်းမရှိ ခဲ့ပါဘူး။ သူဟာ ၁၉၇၁ခုမှာတော့ သူမိသားစုနဲ့အတူ ကနေဒါကနေ ကာလီဖိုးနီးယားကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ အဲဒီကနေ ဖူလာတန်ကောလိပ်ကို ရူပဗေဒပညာကို တက်ရောက်သင်ကြားခဲ့ပါတယ်။ သို့သော်လည်း ခေတ္တမျှသာတက်ရောက်ခဲ့သူဖြစ်ပါတယ်။ ကျောင်းမှထွက်ခဲ့ပြီး စားပွဲထိုးအမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျကာ အလုပ်ကြမ်းသမားတစ်ဦးသာဖြစ်ခဲ့ပါတယ်။ ဘတ်စကားဒရိုက်ဘာ အဖြစ်လုပ်ကိုင်ခဲ့တယ်။ ၁၉၇၇ခုမှာ StarQars ရုပ်ရှင်လောကကို ခြေစုံပစ်ပြီးဝင်ရောက်ရန် ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် နှစ်ပေါင်း သုံးဆယ်ကြာပြီးတဲ့နောက်မှာတော့ သူဟာကမ္ဘာ့အံဖွယ်အကောင်းဆုံး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများကို ဖန်တီးလာနိုင်ခဲ့ သူဖြစ်ပါတယ်။

၆။ မက်ဇက္ကာဘတ်
အခု ကမ္ဘာမှာအကျော်ကြားဆုံး လူမှုရေးဝက်ဆိုက်ဖြစ်တဲ့ Facebook ကိုထူထောင်ခဲ့သည်ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ် ကို တက်ရောက်နေစဉ်မှာပဲ သူရဲ့ကုမ္ပဏီဟာ ကာလီဖိုးနီးယားကို ပြောင်းရွေ့တဲ့အတွက် ကျောင်းမှထွက်ခဲ့ပြီး လိုက်ပါသွားခဲ့ရတယ်။ သို့သော်လည်း အလုပ်လုပ်စိတ်အားထက်သန်ပြီး ကျောင်းထွက်ခဲ့သော သူ့ရဲ့လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ပြောရမှာပေါ့။ အခုသူဟာ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ င်္သမဘနျ ForbeQ မဂ္ဂဇင်းရဲ့စစ်တမ်းအရ သူဟာ ၂ဝ၁ဝပြည့် နှစ်မှာ ဒေါ်လာ ၄ဘီလျံချမ်းသာပြီး ကမ္ဘာမှာ အချမ်းသာဆုံးလူငယ်အဖြစ် ရပ်တည်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၇။ တွမ်ဟန့်
ဒီပုဂ္ဂိုလ်ကိုတော့ လူအတော်များများ သိပြီးဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အော်စကာဆုရတဲ့ မင်းသားတစ်ယောက် ဖြစ်တော့ ပရိသတ်နဲ့ အကျွမ်းဝင်းပြီးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သူ့ကားတွေလည်း တော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ သူအနေနဲ့ကတော့ အိုဟိုင်းအိုးပြည်နယ် ကလီဗာလန်းမှာရှိတဲ့ ဂရိတ်လိတ်ပြဇာတ်ရုံမှာ အချိန်ပြည့်အလုပ်လုပ်နိုင်ရန် ရည်ရွယ်ပြီး ကောလိပ်ကျောင်းကနေ ထွက်ခဲ့သူဖြစ်ပါတယ်။ သူရဲ့ ပြဇာတ်ရုံမှ အတွေ့အကြုံတွေက ဟောလိဝုဒ်မှာ တော်တော်လေးအထောက် အကူပြုခဲ့ပါတယ်။ ဒါကြောင့် ဟောလိဝုဒ်မှာ သြဇာအကြီးဆုံး သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စာရေးဆရာဖြစ်လာ ပါတော့တယ်။ အဲဒီလို နာမည်ကျော်ကြား၊ သြဇာကြီးသူဖြစ်ခဲ့သော်လည်း သူဟာ ဘယ်တော့မှ ဘဝမေ့တတ်သူ မဟုတ်ပါဘူး။ ဒါဟာလည်း သူ့ရဲ့အားသာချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ သူဟာ ၂ဝဝ၉ခုနှစ်က သူရဲ့ဘဝတက္ကသိုလ်ဖြစ်တဲ့ ကလီဗာလန်းပြဇာတ်ရုံ အား ပြန်လည်မွမ်းမံရန်အတွက် ရန်ပုံငွေရှာဖွေအတွက် စိတ်အားတက်ကြွစွာ ဝင်ရောက်ကူညီခဲ့ပါတယ်။

၈။ ဟာရီဆန်ဖို့ဒ်
StarWars ဇာတ်ကားနဲ့ အင်ဒီယာနာဂျုန်းဇာတ်ကားများကြောင့် သူဟာရုပ်ရှင်လောကမှာ အကြီးအကျယ်ထင်ရှားလာ သူဖြစ်ပါတယ်။ သူဟာ ရိပွန်ကောလိပ်မှာ ဒဿနိကဗေဒဘာသာ အဓိကနဲ့ကျောင်းတက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘွဲ့မရမီမှာဘဲ ကျောင်းကနေထွက်ခဲ့ပါတယ်။ ကျောင်းကထွက်ပြီးတဲ့နောက် ဟောလိဝုဒ်ရုပ်ရှင်လောကထဲ အရေးမပါတဲ့ အခန်းတွေ မှာပါဝင်ခဲ့ပြီး။ ဘဝကို ဒီလောကထဲမှာ ရှင်သန်ဖို့အနေနဲ့ ခြေစုံပစ်ပြီး ဝင်ရောက်ခဲ့ပါတော့တယ်။ သို့သော်လည်း ဆယ်နှစ်လောက် ကြာလာပြီးတဲ့နောက်မှာတော့ အထက်ကပြောခဲ့တဲ့ StarWars ဇာတ်ကားနဲ့ အကြီးအကျယ်ထင်ရှားလာခဲ့သူဖြစ်ပါတယ်။

၉။ လေဒီဂါဂါ
ဒီပါရမီရှင် အဆိုတော်လေးကိုတော့ မသိသူမရှိလောက်အောင် နာမည်ကျော်ကြားနေခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့နာမည်အရင်း ကတော့ ဂျိုအန်နီအိန် ဂျယ်လီနာဂျာမန်နိုတက်ဗ်ဖြစ်ပါတယ်။ သူဟာလည်းကမ္ဘာကျော် နယူးယောက်တက္ကသိုလ် အနုပညာကျောင်း ကိုတက်ရောက်ခဲ့ပေမယ့်၊ တစ်နှစ်မပြည့်ခင်မှာပဲ ကျောင်းကထွက်ခဲ့ပါတယ်။ သူမဟာ ကျောင်းကထွက်ခဲ့ပြီး ဂီတအလုပ်တွေနဲ့သာ အချိန်ကုန်နေခဲ့ပါတော့တယ်။ ၂ဝဝ၈-ခုမှာတော့ သူမရဲ့ ပထမဆုံးပွဲဦးထွက် အယ်လ်ဘမ်ထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ လေဒီဂါဂါမှ လေဒီဂါဂါဖြစ်ရလောက်အောင် အကြီးအကျယ်အောင်မြင်မှုတွေ ရရှိလာတော့ပါတယ်။

၁ဝ။ တိုက်ဂါးဝုဒ်
သူဟာ စီးပွားရေးပညာ အဓိကကျောင်းသားအဖြစ် စတန့်ဖိုဒ်တက္ကသိုလ်မှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ့ကိုလည်း မသိသူရှားပါးပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ အိမ်ထောင်ရေး ပဋိပက္ခတွေနဲ့ နပန်းလုံးနေခဲ့ရတော့ လူတွေ တော်တော်လေး စိတ်ဝင်တစား စောင့်ကြည့်ခံခဲ့ရသူဖြစ်လာပါတယ်။ အပျော်တမ်းဂေါက်သီးရိုက်ဘဝကနေ ကြေးစားလောကကို ခြေစုံပစ်ဝင်ရန် ကောလိပ်ပညာရေးကို လက်လွတ်ခဲ့သူဖြစ်ပါတယ်။ အပျော်တမ်းဂေါက်သီးရိုက်ဘဝနဲ့ နှစ်နှစ်လောက်သာ ကျင်လည်ခဲ့ပြီး ကြေးစား လောကထဲကို ဝင်ရောက်နိုင်ခဲ့သူဖြစ်တော့ အခုကမ္ဘာမှာ ဝင်ငွေအကောင်းဆုံး အားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူရဲ့နှစ်စဉ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၁ဝဝကျော်ရှိကြောင်း သိရပါတယ်။

ကဲဒီလောက်ဆို အကြောင်းမျိုးစုံကြောင့် ကျောင်းပြီးအောင်မတက်ခဲ့ရတဲ့ လူငယ်လေးတွေအနေနဲ့ ဘာမှအားငယ်စရာမလို တော့ပါဘူး။ ဒီလိုလူတွေအနေနဲ့တောင် ကျောင်းပညာရေးကို တက်ရောက်ခွင့်ရသော်လည်း၊ အခြေအနေမျိုးစုံကြောင့် ကျောင်းပြီးအောင် တက်ရောက်မသွားခဲ့ကြတဲ့ လူတွေကို အတုယူပြီး ကိုယ်လည်း ဘယ်လိုလုပ်ရမလဲ၊ ဘာတွေလုပ်ရမလဲ၊ ဘယ်လောက်ကြာရင်တော့ ဘာတွေဖြစ်လာမလဲဆိုတဲ့ ပုံကြမ်းရေးဆွဲမှုနဲ့အတူ အောင်မြင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပြီးတဲ့နောက် ဘယ်လိုနေရာတွေမှာ ဘယ်သူတွေကို ဘာအတွက် ခေါင်းဆောင်ပြီး အလုပ်လုပ်နေသလဲ၊ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပေါ့။

ဆက်လက်ဖော်ပြပါမည်..

ဆက်လက်ဖတ်ရှုပါရန်...

လူငယ်ဆိုတာ အနာဂတ်ရဲ့ မိခင်လောင်း

>> Thursday, July 15, 2010

လူငယ်တွေကို အဓိကထားပြီး ပြောချင်ပါတယ်။ လူငယ်ဆိုတာ အနာဂတ်ကို ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းတွေ မဟုတ်လား။ အနာဂတ်ဟာ သူတို့ရဲ့လက်ထဲမှာရှိနေခဲ့တယ်။ လူငယ်ပီပီ အားမာန်တက်ကြွမှုတွေရှိတယ်။ ယခုလူငယ်တွေဟာ ပိုပြီးတောင် အမြင်ကျယ်လာနေခဲ့တယ်။ အရာရာကို မျက်ကန်းယုံကြည်မှုမျိုးတွေကို သူတို့လက်ခံကြတော့ဘူး။ လေ့လာမှုအားကောင်း တယ်။ ဗဟုသုတကြွယ်ဝတယ်။ လူသားချင်းစာနာထောက်ထားမှုတွေကို အလေးဂရုပြုတတ်လာခဲ့တယ်။ ဒီတော့ လူငယ်တွေကောင်း မှ အနာဂတ်ကမ္ဘာကြီးဟာ ပိုမိုကြည်လင်ပြီးတော့ တိုးတက်မှုတွေနဲ့ ရုပ်လုံးကြွနေလိမ့်မယ်မဟုတ်လား။ ဒီတော့ သူတို့လေးတွေ ကောင်းဖို့ အရမ်းလိုအပ်တယ်။

အခု ကမ္ဘာကြီးကိုက လူငယ်တွေကို နေရာတွေပေးကြပြီ။ နေရာပေါင်းများစွာမှာ လူငယ်တွေ တာဝန်တွေ ယူနေကြပြီ။ ဒါကိုပဲ ကမ္ဘာကြီးအနေနဲ့လိုအပ်နေတဲ့ ကွက်လပ်များစွာအတွက် တုန့်ပြန်မှုလို့ဆိုရမှာပေါ့။ တစ်ချို့လူငယ် တွေကတော့ ကျောင်းစာကိုဆုံးခန်းတိုင်အောင် သင်ယူကြရတယ်။ အချို့ကျတော့လည်း မသင်ယူကြဘူး။ တစ်ချို့ကတော့ စိတ်ပါ ပေမယ့် အကြောင်းကြောင်းကြောင့် မတက်ဖြစ်တာတွေ ရှိခဲ့ပါတယ်။ ဒါတွေကို တွေးပြီး အားငယ်မနေဖို့လိုပါတယ်။

အခုကမ္ဘာပေါ်မှာ လူငယ်တွေကို နေရာတွေပေးနေတယ်ဆိုတာ အားလုံးသိတဲ့တိုင်းပဲ။ နိုင်ငံရေးနယ်ပယ်မှာ အထင်ကရဖြစ်နေတဲ့ လူတွေကို အနည်းငယ်ပြောပြလိုပါတယ်။ စီးပွားရေးအရ၊ စစ်ရေးအရဖြစ်ဖြစ် အင်အားအကြီးဆုံး အမေရိကလိုနိုင်ငံကြီးမှာ ပထမဆုံးလူမည်းသမ္မတအဖြစ် ဘားရက်အိုဘားမားကို အသက်ငယ်ဆုံးသမ္မတအဖြစ် ရွေးချယ်ခဲ့ကြတယ်။

အခု လက်ရှိဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း နှုတ်ထွက်သွားတဲ့ အင်္ဂလန်လိုတိုင်းပြည်ကြီးမှာလည်း ကြည့်ပါ၊ အခုဆိုရင် အသက်ငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဒေးဗဒ်ကင်မရွန်းကို ရွေးချယ်လိုက်ကြတယ်။ သူဟာလည်း အသက် ၄၃နှစ်သာရှိသေးပါတယ်။ သူဟာ နှစ်ပေါင်းနှစ်ရာနီးပါးသက်တမ်းမှာတော့ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် အသက် ငယ်ဆုံးဖြစ်လာမှာဖြစ်ပါတယ်။ ဒါတွေဟာ လူငယ်တွေကို တော်ရင်တော်သလို နေရာတွေပေးလာနေတဲ့သဘောပေါ့။

ဖိလစ်ပိုင်နိုင်ငံဟာ သမ္မတရွေးကောက်ပွဲတိုင်းလိုလို ပဋိပက္ခဖြစ်ပွားလေ့ရှိတဲ့ တိုင်းပြည်တစ်ခုလို့ဆိုရမှာပေါ့။ ဒါပေမယ့် ပြီးခဲ့သော ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက အခုလောလောလပ်လပ်ပြီးသွားခဲ့တဲ့ ရွေးကောက်ပွဲကသာလျှင် အေးချမ်းမှု၊ စည်းစနစ်ကျန မှုရှိကြောင်း ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့ကနေ ထုတ်ဖော်ပြောဆိုသွားပါတယ်။ အဲဒီမှာလည်း နွိုင်နွိုင်အကီနိုဟာ ဖိလစ်ပိုင်သမ္မတဖြစ် လာရန် လုံးဝဆိုသလို သေချာနေခဲ့ပါပြီ။ သူနဲ့အဓိက ပြိုင်ဘက်ကတော့ ဖိလစ်ပိုင်သမ္မတဟောင်းဖြစ်ခဲ့သူ ဂျိုးဇက်အက်စ်ထရာဒါ ဖြစ်ပါတယ်။ သူဟာ အသက်အတွေ့အကြုံရှိသူဖြစ်သော်လည်း အသက်ကတော့ ၇၂-နှစ်ရောက်နေပါပြီ။ ဒါပေမယ့် ဖိလစ်ပိုင်ပြည် သူလူထုကတော့ လူငယ်ဖြစ်တဲ့ နွိုင်နွိုင်အကီနိုကို ရွေးချယ်ကြတော့မှာဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ အာဏာရှင်သမ္မတရဲ့သားဖြစ်သူဟာ သူ့ဖခင်ကို လမ်းမှန်ရောက်အောင် တွန်းတင်ပို့လိုက် ခြင်းလို့ ဆိုရင်လည်းမမှားပါဘူး။ လစ်ဗျားနိုင်ငံဟာ အခြေခံဥပဒေရှိသင့်ကြောင်းကို တိုင်းသိ၊ပြည်သိ ထုတ်ဖော်ပြောသွားခဲ့တယ်။ လစ်ဗျားနိုင်ငံဟာ ဖခင်ဖြစ်သူ ကဒါဖီးကိုယ်တိုင် စိတ်တိုင်းကျ ပြဌာန်းထားတဲ့ ဂရင်းဘုတ်ခ်ခေါ် အခြေခံစည်းမျဉ်းများနဲ့ ရပ်တည်နေ ရတာဟာ နှစ်ပေါင်းလေးဆယ်ကျော်လာခဲ့ပါပြီ။ ဒါကို သားဖြစ်တဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ဆာအစ်အယ်လ်အစ္စလမ်ကဒါဖီက အီဂျစ်နိုင်ငံကို ရောက်ရှိနေစဉ်မှာ တရားဝင်ထုတ်ဖော်ပြောသွားတယ်။ ဘာပြောသွားလဲဆိုတော့။ သူ့ဖခင် ရေးဆွဲထားတဲ့ ဂရင်းဘုတ်ခ် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ကြောင်း၊ တိုင်းပြည်တစ်ခုဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိဘဲ ရေရှည်ရပ်တည်နေမယ် ဆိုရင် ဆိုးကျိုးများစွာ ကြုံတွေ့လာနိုင်ကြောင်း၊ လစ်ဗျားနိုင်ငံမှာ အမျိုးသမီးများကို ခွဲခြားဆက်ဆံခံရမှုမျိုးစုံနဲ့ ရင်ဆိုင်ခံစားနေ ရကြောင်း၊ မိမိတို့မှာ ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိလျှင် လစ်ဗျားလူ့အဖွဲ့အစည်းသည် အရင်းအမြစ်ဆုံးရှုံးမှုများ ကြုံတွေ့ရတော့မည်ဟု မိမိယူဆကြောင်း အယ်အစ္စလမ်ကဒါဖီက ရဲရဲတောက်စကားကို ပြောကြားလိုက်တယ်။

ဒါဟာ လူငယ်တစ် ယောက်ရဲ့ အပြောက်မြောက်ဆုံး ဖခင်ကိုတိုင်းပြည်အတွက် တိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာ ပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ပညာရေးမှာပဲဖြစ်ဖြစ် နေရာတွေပေးတတ်လာပြီး။ လူငယ်တွေကလည်း မိမိစွမ်းဆောင်နိုင်တဲ့ အခြေအနေမျိုးကနေ နေရာတွေ ယူတတ်လာကြပြီ။ အခြားအခြားသော နေရာအသီးသီးမှာလည်း လူငယ်တွေထိပ်တန်းကနေ ဦးဆောင်နေခဲ့ကြပြီမဟုတ်လား။ ဒါကြောင့် လူငယ်တွေဆိုတာ အနာဂတ်ကို ကိုယ်ဝန်ဆောင်နေကြတဲ့ မိခင်လောင်းတွေပဲပေါ့။

ဆက်လက်ဖတ်ရှုပါရန်...

ငါ ကဗျာမရေးဖြစ်တဲ့အကြောင်း

>> Thursday, July 8, 2010



ဒီလိုပါပဲ
မရေရာမှုတွေနဲ့ တစ်နှစ်ကုန်ပြီ။

အသက်ကကြီးကြီးလာတော့ သတိကြီးကြီးထားရတယ်
သေမင်းကလည်း ခေါ်ပေါ့။

မပိုင်ရင် ခြင်တောင်မရိုက်တဲ့ကောင်
ဘာတစ်ခုမှလည်း ဟုတ္တိ ပတ္တိ ပိုင်တာမရှိဘူး။

နေ့တွေက နက်နက်လာ
စိတ်တွေက မြစ်ကျိုးအင်းလို လျှံကျလာတဲ့ အမိုက်တွေ။

တစ်နေ့ပြီးသွားဦးမှာပဲ
ဘာမှမထူးတဲ့ ဒီဇာတ်မှာ
ဗီလိန်လည်း မလုပ်ချင်တော့ပါဘူး။

ဒါကြောင့် . . . .
ငါကဗျာ မရေးဖြစ်တော့တာပေါ့။

မောင်မင်းစိုး

ဆက်လက်ဖတ်ရှုပါရန်...

အစီအစဉ်ရေးဆွဲနည်း

>> Friday, July 2, 2010

လူငယ်နဲ့ခေါင်းဆောင်မှု... အဆက်

အစီအစဉ်ရေးဆွဲနည်း
ဘာလုပ်ဖို့သင့်သလဲ။
ဘယ်သူလုပ်မလဲ။
ဘယ်လိုလုပ်မလဲ။
ဘယ်လောက်ကြာမလဲ။
ဘယ်လောက်ကုန်ကျမှု ရှိမလဲ။
ဘယ်လိုအကျိုးအမြတ်တွေ ဖြစ်ပေါ်စေမလဲ။
ဘယ်သူတွေ ခံစားရမလဲ။ အဲဒါလေးကို မူတည်ပြီးတော့ လူမှုရေးကိစ္စလေးတစ်ခုလောက် ရေးဆွဲကြည့်လိုက်ပါ။

အိုကေ ဒီလိုဆိုရင် အထက်ကပြောခဲ့တဲ့ ၂ဝ၁ဝရဲ့ အပူဒဏ်ကြောင့် ကျေးရွာလေးတစ်ရွာ ရေပြတ်လပ်မှုဖြစ်ပေါ် တယ်ဆိုပါတော့။ ဒီတော့ ဒီရေပြတ်လပ်မှုဘေးကနေ ဘယ်လိုကယ်တင်မလဲ။ ဒါလေးကို အစီအစဉ်တစ်ခု ကြိုးစားပြီး ရေးဆွဲကြည့်ကြရအောင်။ အားလုံးလည်း ကိုယ်တိုင်ပါဝင်ဆောင်တဲ့အနေနဲ့ မိမိနဲ့အတူ လုပ်ငန်းတစ်ခုကို အကောင်းအထည်ဖော်ကြည့်စေချင်တယ်။ ကဲဒီလိုဆိုရင် ပင်မ ပြဿနာကိုလည်း ရေပြတ်လပ်မှုပြဿနာ(ရေရရှိရေး စီမံကိန်း) လို့ ခေါင်းစဉ်တင်လိုက်ကြရအောင်။

ရေပြတ်လပ်မှုပြဿနာ(ရေရရှိရေး စီမံကိန်း)

ဒီခေါင်းစဉ်အောက်မှာ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီး ဒီပြဿနာကို ဖြေရှင်းပေးဖို့ဆိုတော့။ ပထမဆုံး ဘာလုပ်ရမလဲ ဆိုတော့ အဖွဲ့အစည်းတစ်ခု ကော်မတီကို စတင်ဖွဲ့စည်းဖို့လိုလိမ့်မယ်။ ဒီလိုဖွဲ့စည်းတဲ့အခါမှာ ဘယ်သူတွေ ပါဝင်လာအောင်လုပ်ရ မလဲဆိုတော့ စွမ်းဆောင်နိုင်တဲ့လူအားလုံး ဒေသခံလူကြီးကနေစပြီး နောက်ဆုံးလူငယ်တွေအထိ ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်နိုင် ရမယ်။ ဒီဆိုဖွဲ့စည်းပြီးပြီဆိုရင်တော့ ရွာအားလုံးကို ကိုယ်မလုပ်နိုင်တာ သေချာတဲ့အတွက် ကိုယ်လုပ်ပေးမယ့်ရွာကို ဦးစွာလေ့လာ ရမယ်။ ဥပမာ-အိမ်ခြေ ဘယ်လောက်ရှိတယ်။ လူဦးရေ ဘယ်လောက်ရှိတယ်။ ဘယ်နှစ်လစီမံကိန်းလဲ။ ဘယ်လောက်ကုန်ကျမလဲ စတာတွေကို ရှေးဦးစွာ ရေးဆွဲထားဖို့ လေ့လာထားဖို့ လိုလိမ့်မယ်။


ဒီတော့ ရေရှားပါးမှုကြောင့် လူတွေဘယ်လို ဒုက္ခရောက်နေရတယ်။ ဘယ်လိုအခြေအနေအထိ ကူးစက်ပြီး ဆိုးရွားတဲ့ အတွေ့အကြုံတွေ ခံစားနေရတယ်။ ဥပမာ-ကျန်းမာရေးချို့တဲ့နိုင်သလား။ အခြားသော ပညာရေး၊ ဘက်စုံတိုးတက်ရေးစတာတွေ ကို ဘယ်လောက်အထိ ဒုက္ခပေးနေသလဲ။ ဒါတွေများနေပြီဆိုရင်တော့ ဒီရွာမှာ ရေရှားပါးမှုပြဿနာဟာ တော်တော်လေးကို အခြေအနေမကောင်းတော့ဘူး။ ဒီတော့ လောလောလပ်လပ်ပြဿနာဖြစ်တဲ့ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ လုံးဝလိုအပ်နေပြီ ဆိုတာ မမေ့နဲ့တော့။ ဒီတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အထက်ကပြောခဲ့တဲ့ လူအင်အားဘယ်လောက် ပါဝင်လာအောင်၊ ဘယ်လိုပါဝင်လာအောင်ဆိုတာတွေကို ခေါင်းဆောင်လုပ်တဲ့လူဟာ ကျွမ်းကျင်ပိုင်နိုင်စွာ စည်းရုံးနိုင်ရမယ်။ ငွေကြေးများလည်း လုံ လောက်သမျှ လုံလောက်အောင် ရှာဖွေရတော့မယ်။ ဒီတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ပါဝင်လာအောင် လုပ်ဖို့ကလည်း အရေးကြီးပြန်ပြီပေါ့။ နောက်တစ်ခုက စက်ယန္တရားတွေရှာဖွေပေးရမယ်။ အဓိကနေရာဌာနကို ရွေးခြယ်နိုင်ရမယ်။ တတ်နိုင်ရင် အများပိုင်နေရာအဖြစ် သတ်မှတ်နိုင်အောင် ဝယ်သင့်ရင်ဝယ်ထားရမယ်။ ဒီလိုအခြေအနေမျိုးလောက်ထိ ရောက်ပြီဆိုရင်တော့ လုပ်ငန်းကို စတင်အကောင်အထည်ဖော်လို့ ရပြီးပေါ့။

ဒီတော့ ခိုင်လုံတဲ့အဖွဲ့အစည်းကို ဖွဲ့စည်းပြီး နေရာအသီးသီးကို နေရာပေးတတ်ဖို့ အရေးကြီးတယ်။ ဘဏ္ဍာငွေထိမ်းသိမ်း ရေးအတွက် လူရှာရမယ်။ စာရင်းစစ်အတွက်လူရှာရမယ်။ အားလုံး ဖြစ်ပေါ်လာမှု အခြေအနေအရပ်ရပ်ကို လေ့လာဆန်းစစ်ဖို့ လူရှာရမယ်။ ဘဏ္ဍာငွေများနိုင်သမျှများလာအောင် ရှာဖွေရေးအတွက် လူရှာရမယ်။ အလုပ်လုပ်ပြီဆိုတော့ တတ်နိုင်တဲ့ဘက်က နေ ကျွေးမွေးဧည့်ခံဖို့လိုမယ်။ နောက်တစ်ခုက လုပ်တဲ့လူတွေကိုလည်း ထိုက်တန်တဲ့လုပ်အားခ ပေးဖို့ လိုလာလိမ့်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်းဆိုသလို လုပ်ငန်းပြီးဆုံးသည်အထိ လုပ်ကိုင်ဆောင်ရွက်ရမယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ လောလောလပ်လပ် ကြုံတွေ့နေရတဲ့ ကျေးရွာလေးတစ်ရွာအတွက် ရေကောင်းရေသန့်ရရှိလာမယ်မဟုတ်လား။

နောက်တစ်ခုကတော့ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် လုပ်တဲ့လူတွေအနေနဲ့ တိုက်ခိုက်မှုအဖုံဖုံလည်း ကြုံတွေ့လာနိုင် ပါတယ်။ အပြင်ကတိုက်ခိုက်လာမလား၊ အတွင်းကပဲ တိုက်ခိုက်လာမလား။ ဒါတွေကို ရှာဖွေလို့တွေ့ပြီဆိုရင်တော့ အားလုံးဒီကိစ္စကို ဘယ်လို ပြေလည်သွားအောင်ဖြေရှင်းရမယ်ဆိုတာ လုပ်ဆောင်တတ်ဖို့လိုတယ်။ နောက်တစ်ခုကတော့ အားလုံးပြည့်စုံလုံလောက် တယ်လို့တော့ ရှိမှာမဟုတ်ဘူး။ ဒီတော့ ကိုယ့်အဖွဲ့အစည်းရဲ့ အားနည်းချက်တွေရှိရမယ်။ ဒီအားနည်းချက်တွေက ဘာလဲ။ ဘယ်လို ဝိုင်းဝန်းအဖြေရှာပြီး ဖြေရှင်းသင့်သလဲ။ ဒါကိုလည်း ဆောင်ရွက်တတ်ဖို့အရေးကြီးတယ်။ နောက်တစ်ခုကတော့ ပါဝင်လာတဲ့ လူတွေ အားတက်စရာဖြစ်အောင်၊ လုပ်ချင်လာအောင် ကိုယ့်အဖွဲ့အစည်းရဲ့ အားသာချက်တွေဆိုတာလည်း ရှိနေပါလိမ့်မယ်။

ဒါကိုလည်းအားလုံး ဝိုင်းဝန်းအဖြေရှာတင်ပြနိုင်အောင် ကြိုးစားရမယ်။ ဒီလိုလုပ်လို့ ဘာတွေခံစားရမယ်။ ဘယ်သူတွေခံစားရမယ်။ ဘာတွေထပ်ဆင့် တိုးတက်လာနိုင်တယ်ဆိုတာတွေလည်း ကြိုတင်ရေးဆွဲတဲ့အခါမှာ တင်ပြရမယ်။ ဒီတော့ အဓိကမှာချင်တာက တော့ ခေါင်းဆောင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘယ်တော့မှ အတ္တကိုရှေ့တန်းမတင်ပါနဲ့။ ကိုယ့်ကျင်တရားကောင်းအောင် နေထိုင်ပါ။ အများရဲ့ ယုံကြည်မှု၊ စိတ်ချမှု၊ လေးစားမှု၊ အသိအမှတ်ပြုမှု၊ အားထားရမှုဆိုတာတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင် အောင် ကြိုးစားပါ။ ဒါဆို လုပ်ငန်းတစ်ခု အောင်မြင်ဖို့ တော်တော်လေးအရေးပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ရေပြဿနာဆိုတာ
ဥပမာပြောခြင်းတာဖြစ်ပါတယ်။ အခြားအခြားသော ပြဿနာတွေကို ဒါကိုနည်းယူပြီး ဖြေရှင်းနိုင်ဖို့လိုတယ်။ နောက်ကြုံရင်လည်း ခေါင်းဆောင်တစ်ယောက်အတွက် လိုအပ်ချက်တွေ ထပ်မံပြောသွားပါဦးမယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်အကြောင်း

နိုင်ငံတစ်ငံမှာ တစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်ကောင်းမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်းအထည် ဖော်နိုင်ခဲ့တဲ့ လူတွေများစွာရှိပါတယ်။ အဲဒီထဲကနေ သိပ်ပြီးမထင်ရှားတဲ့ ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံသားဖြစ်တဲ့ မိုဟာမက်ယူနွတ်ဆိုသူတစ် ယောက်အကြောင်းကို ပြောပြလိုပါတယ်။ ဘယ်လိုအတုယူသင့်တယ်ဆိုတာ လေ့လာစေချင်လို့ဖြစ်ပါတယ်။ အဲဒီလူက အမြဲတန်းဆ်ု သလို ကိုယ့်ကိုယ်ကို ပြန်မေးနေတတ်တယ်။ သတိရှိသူတစ်ယောက်လို့ဆိုရမှာပေါ့။ သူဟာ မဆင်းရဲဘူး။ မချမ်းသာဘူး။ စီးပွားရေး ပညာတတ်တစ်ယောက်ဖြစ်တယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေကို ရှစ်နှစ်လောက် လေ့လာခဲ့တယ်။ နက် နက်နဲနဲကို လေ့လာခဲ့သူတစ်ယောက်လို့ဆိုရင်လည်း မမှားဘူးပေါ့။ ဝယ်၊ရောင်းအားအကြောင်း။ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းစသဖြင့် ပေါ့။

သူဟာအမြဲတန်းလိုလို မေးခွန်းတွေမေးနေတတ်တယ်။ သူ့နိုင်ငံက ဝန်ကြီးဌာနတွေကိုကြည့်ပြီး ဝေဖန်ရေးအမြဲတန်းလုပ်နေ တတ်တယ်။ ဘာဖြစ်လို့ တိုင်းပြည်ဆင်းရဲတာလဲ။ ကမ္ဘာ့ဘဏ်ငွေချေးကိစ္စစာတာတွေပေါ့။ သူ့ကိုယ်သူလည်း အမြဲတန်းလိုလို ဝေဖန် ဆန်းစစ်နေတတ်သူ။ နေရာအနှံ့အပြား တောရွာတွေအထိသွားပြီး ကွင်းဆင်းလေ့လာနေတတ်သူဖြစ်တယ်။ အဲဒီလို သွားတဲ့အခါမှာ လည်း တစ်ယောက်ချင်းစီနဲ့ စကားတွေပြောကြည့်တယ်။ ဒီတော့ သူတို့စကားတွေထဲကနေ စီးပွားရေးဖွံ့ဖြိုးမှုစတာတွေနဲ့ ဘာမှကို မပတ်သက်တာတွေ မြင်ခဲ့၊ တွေ့ခဲ့၊ ကြားခဲ့ရတော့တယ်။ သူတို့မှာကလည်း စီးပွားရေးက မပြေလည်တော့ ကျွဲ၊နွားစတာတွေက လည်း လုပ်ကိုင်ဖို့ ဘာမှမရှိတာတွေလည်း တွေ့ခဲ့ရတယ်။

ဒီတော့ ပြန်ရောက်တာနဲ့ ဝေဖန်ဆန်းစစ်တယ်။ ဘယ်လို ကူညီဖြေရှင်းပေးရင်ကောင်းမလဲဆိုတာတွေ တွေးတယ်။ ဘဏ်ဌာန တွေ သွားပြီး ငွေချေးဖို့ကိစ္စတွေ ပြောတယ်။ အဲဒီလို ဆင်းရဲတဲ့လူတွေအနေနဲ့ ဆင်းရဲတွင်းက ကယ်ထုတ်ချင်ရင်တော့ ငွေချေးပေး ဖို့ကိစ္စတွေ တိုင်ပင်ဆွေးနွေးကြည့်တယ်။ ဒါပေမယ့် ဘဏ်ဌာနတွေဟာ သူတို့ဟာ ဆင်းရဲသူတွေ၊ ဒီတော့ ဒီလိုငွေတွေကို သူတို့ ဘယ်လိုပြန်ပေးဆပ်မလဲဆိုတာတွေနဲ့ပဲ ပြန်လည်ချေပရင်း အချိန်တွေကုန်ခဲ့ရတယ်။ သူကအမြဲတန်း ဝေဖန်ဆန်းစစ်နေတော့၊ ဒီလူတွေဟာ ဉာဏ်ရှိတယ်။ အလုပ်လည်းလုပ်တတ်တဲ့လူတွေဖြစ်နေတယ်ဆိုတာ သူသိတယ်။ ဒီလိုနဲ့ သူဟာ ဘဏ်ဌာနအတွင်းထဲ ဆွဲသွင်းလို့ရတယ်ဆိုတဲ့ အတွေးတစ်ခု ရခဲ့တယ်။ နောက်ဆုံးတစ်ခု သူမြင်တွေ့ခဲ့တာကတော့ ဆင်းရဲသူတွေကို ပပျောက်ဖို့ ရကိုရ ရမယ်ဆိုတဲ့ အမြင်ကို သူလက်ခံယုံကြည်ထားတော့တယ်။

ဒီတော့ ဒီလူဟာ အဲဒီလိုမြင်တတ်၊ တွေးတတ်ယုံတင်မကဘူး။ အဲဒီမြင်တဲ့၊ တွေးတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်တတ်သူ လို့ သတ်မှတ်လို့ရအောင် စွမ်းဆောင်မှုတွေ ရှိခဲ့တော့တယ်။ လွန်ခဲ့တဲ့ ၃၆-နှစ်လောက်ကထဲက အသေးစားငွေစု၊ ငွေချေးလုပ်ငန်း တစ်ခုကို သူကိုယ်တိုင်ထူထောင်နိုင်ခဲ့တယ်။ ဘာလုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ အများကြီးစဉ်းစားတယ်။ အမြဲတန်း ဝေဖန် ဆန်းစစ်တယ်။ တွေးတဲ့အတိုင်းလည်း လုပ်တတ်တယ်။ သူ့မဟာဗျူဟာကတော့ အခြားသူတွေနဲ့ သိပ်ပြီးမတူဘူးလို့ ဆိုရမှာပေါ့။ အဲဒီတော့ သူဟာသူ့စီမံကိန်းထဲကို အမျိုးသမီးတွေ ပါဝင်လာအောင် စတင်စည်းရုံးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေ ဆိုတာ အောက်ခြေကလူတွေဖြစ်နေတယ်။ ဒီတော့ တစ်ချို့ကမေးတယ်။ အဲဒီလို အောက်ခြေကလူတွေနဲ့ စတင်ဆောက်ရွက်လို့ ဖြစ်ပါ့မလားပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေဆိုတာ ဆွေမျိုးသားချင်းတွေ၊ နောက်တစ်ခုက ကလေးငယ်တွေ၊ နောက်တစ်ခု က အိမ်တွင်းရေးမှာ အရေးပါမှုစတာတွေကို အားလုံးလိုလို သူတို့လုပ်ပေးနေရတယ်ဆိုတာ သူကသိတယ်။

ဒီတော့ ရွာတွေကိုသွားတယ်။ အမျိုးသမီးငါးယောက်လောက်ပါတဲ့ အဖွဲ့လေးတွေကို စတင်ဖွဲ့စည်းတယ်။ ငွေစု၊ ငွေချေး ဘဏ်လေးစတင်ဖို့ အပြင်က ငွေကြေးအနည်းငယ်ရှာဖွေပေးရတယ်။ နောက်တော့မှ အမျိုးသမီးတွေ ဝါသနာပါတဲ့ အကြောင်းအရာ အချက်အလက်လေးတွေ ရွေးခြယ်ပေးရတယ်။ ဥပမာ-ထမင်းဆိုင်၊ ဟင်းဆိုင်လေးတွေ စသည့်ဖွင့်ချင်တယ်ဆိုရင် သူတို့ကို ငွေချေး ပေးတယ်။ နောက်ပြီးတော့ အတိုးကို အဓိကပဓာနမထားဘဲနဲ့ ရလာတဲ့ငွေကြေးအမြတ်လေးတွေကနေပဲ ချေးငွေကို ပြန်ဆပ်ရပါတယ်။

ဒီတော့ ဒီလူတွေဟာ တစ်ဆင့်ပြီးတစ်ဆင့်ဆိုသလို အဆင်ပြေလာကြတယ်။ တဖြည်းဖြည်းဆိုသလို လုပ်ငန်းကအဆင်ပြေ တော့ လုပ်ငန်းလေးတွေ တိုးချဲ့လာ။ ကျယ်ပြန့်လာခဲ့တယ်ပေါ့။ သူ့အနေနဲ့လည်း အပင်ပန်းခံပြီး ငွေချေးပေးရုံတင်မဟုတ်ဘဲ ငွေကြေးကိုင်တွယ်ပုံ၊ စနစ်တကျရှိပုံနည်းနာတွေကို ကိုယ်တိုင်သင်ကြားပေးမှုတွေအထိ လုပ်လာခဲ့တယ်။ ဒီတော့ စနစ်တကျဖြစ်လာ တော့ အလုပ်က ယခင်လိုမဟုတ်ဘဲနဲ့ ပိုမိုအောင်မြင်မှုတွေ ရလာခဲ့တယ်။ နောက်တော့မှ အမျိုးသမီးတွေမကတော့ဘဲ တဖြည်းဖြည်းဆို သလို တစ်မျိုးသားလုံးပါဝင်လာဖို့အထိဖြစ်လာတယ်။ သူ့စဉ်းစားမှု၊ လုပ်ဆောင်မှုကနေတဆင့် ယခုဆို တစ်ကမ္ဘာလုံးလိုလို ဒီငွေစု၊ ငွေချေးစနစ်တွေ ပြန်နှံ့လာတော့တယ်။

အမြင်အမျိုးမျိုးနဲ့ သူ့ကိုမြင်နိုင်တယ်။ ခေါ်နိုင်တယ်။ ဒါပေမယ့် သူ့ကို လူမှုရေးဆိုင်ရာတစ်ခုကို ဦးစီးဦးဆောင်လုပ်သူ အဖြစ်ပဲ သတ်မှတ်ကြပါတယ်။ ဆရာတော်တစ်ပါး ပြောခဲ့တာကတော့၊ လူဟာကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ အားလုံးနဲ့ ဆက်စပ်နေတယ်။ ဒီတော့ အားလုံးရဲ့ကြားထဲမှာ အပြန်ပြန်၊အလှန်လှန် လေးစားယုံကြည်ဖို့ ဆောင်ရွက်သင့်တယ်။ ဒီတော့ လုပ်ပိုင်ခွင့်နယ်ပယ်ကနေ ဘယ်သူတွေလုပ်နိုင်သလဲဆိုတာ သိအောင်လုပ်ပြီးလမ်းဖွင့်ပေးဖို့လိုတယ်။ အားလုံးဟာလည်း ကိုယ်စွမ်း ဆောင်တဲ့နေရာကနေ ဒီလိုလုပ်ငန်းလေးတွေကို လုပ်ကိုင်တတ်လာအောင် ကြိုးစားသင့်ပါတယ်။ ကြိုးလည်းကြိုးစားရမှာပါပဲ။ ဒီတော့ အဲဒီအားလုံးထဲမှာ ခင်ဗျားရော၊ ကျုပ်ရော၊ အခြားသူတွေရော ပါနေတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။ ဒီလိုဆိုရင်တော့ အကောင် အထည်တစ်ခုကို စတင်ဖော်ဆောင်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သူ့လို ခေါင်းဆောင်းကောင်းတွေအတွက် ကမ္ဘာကြီးမှာ အများကြီးကို နေရာတိုင်းလိုလိုမှာ လိုအပ်နေပါတယ်။

ဆက်လက်ဖတ်ရှုပါရန်...

ရှေးဦးစွာ သိထားရမယ်အချက်အလက်များ

>> Thursday, June 24, 2010

လူငယ်နှင့် ခေါင်းဆောင်မှု အဆက်

ဒီကိစ္စဟာ ကိုယ်ကျွမ်းကျင်တဲ့ ဧရိယာထဲမှာ ရှိရဲ့လား။
အချက်အလက်တွေကော ပြည့်စုံလုံလောက်မှု ရှိရဲ့လား။
ကောင်းမွန်စွာ ပိုင်းခြားသုံးသပ် ဆုံးဖြတ်နိုင်ရဲ့လား။
ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ်ပေါ်မှာကော ဝေဖန်ခံနိုင်ရဲ့လား။
ယုတ္တိယုတ္တာကောကျရဲ့လား။

ကိုယ်ပြောချင်တာကော အစအဆုံး ပြင်ဆင်ပြီးပြီးလား၊ ရှင်းကောရှင်းရဲ့လား။
လိုအပ်ချက်တွေ ပြည့်နေရင် ဘယ်လိုပြန်လုပ်ရမလဲ။
ကိုယ်တိုင်ကော ခိုင်ခိုင်မာမာရှိရဲ့လား။

နည်းလမ်းအတိုင်းခိုင်းတဲ့အခါ ကိုယ်ခိုင်းတဲ့ပုံစံတွေ၊ နမူနာတွေကော နားလည်းသဘောပေါက် ရှင်းလင်းရဲ့လား။
ပြဿနာတွေဖြစ်ပေါ်လာရင် ကိုယ်ရော၊ သူတစ်ပါး ကြောက်စိတ်တွေ ဖြစ်ပေါ်လာတတ်တယ်။ နားလည်ရဲ့လား။
ဘယ်လိုကြောင့် ကြောက်စိတ်တွေ ဖြစ်ပေါ်နေရတာလဲ။ ဘာကြောင့်လဲ။

ပိတ်ဆို့သင့်တာတွေ၊ အရေးယူမှုဆိုတာတွေနဲ့ အပြစ်ပေးမယ်ဆိုရင် သဘောကျအောင်လုပ်ရင် ကောင်းသလို ဆုပေး၊ဒဏ်ပေးစနစ် သုံးသင့်ရင် သုံးရမယ်။သတင်းတွေ ပေါက်ကြားလို့ ကိုယ့်အဖွဲ့အစည်း ဖရိုဖရဲဖြစ်နေမယ်ဆိုရင် သတင်းတွေကို ထိမ်းချုပ်နိုင်ရမယ်။
လုပ်နိုင်တဲ့အားတွေကို ကောင်းမွန်စွာ အသုံးချနိုင်ရမယ်။ ဒီလိုလုပ်တဲ့အခါမှာကော လူတွေအနေနဲ့ လိုက်နာနိုင်ရဲ့လား။ ဒါတွေကို အသေးစိတ် ဆန်းစစ်တတ်ဖို့ အရေးကြီးတယ်။ နောက်တစ်ခု က လူတွေအတွက် အလုပ်လုပ်တာဖြစ်တော့ လူကိုအဓိက ပစ်မှတ်ထားဖို့လိုတယ်။ လူတိုင်းကိုလည်း ပါဝင်လာအောင် လမ်းဖွင့်ပေး ထားနိုင်ရမယ်။ ဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်အောင် လုပ်နိုင်ရမယ်။ လူတိုင်းရဲ့ အခန်းကဏ္ဍကို ရှင်းလင်းပြနိုင်ရမယ်။ နောက်တစ်ခုက ပြဿနာတစ်ခုဖြစ်ပေါ်လာရင် ကိုယ်တစ်ယောက်တည်း ဖြေရှင်းတာမျိုးမလုပ်ဘဲ လူတိုင်းပါဝင် ဆွေးနွေးတင်ပြ နိုင်အောင် ကြိုးစားရမယ်။ အလျော့အတင်း ပုံစံထားရမယ်။

အရေးကြီး ဆုံးကတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်ဖို့ပေါ့။ ဒီလိုဆိုရင်တော့ ခေါင်းဆောင်မှုပြုလုပ်မယ့် ကိုယ့်ကိုယ်အဓိကထားပြီး ဆန်းစစ်မှုတွေနဲ့ ခံနိုင်ရည်ဘယ်လောက်ရှိသလဲဆိုတာတွေ ကို ပြနိုင်အောင်ကြိုးစားပြရမယ်ပေါ့။

ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတာ အမျှော်အမြင်ရှိမယ်။ စိတ်အားတက်ကြွမှု၊ စိတ်သတ္တိထူးတွေနဲ့ ပြည့်စုံနေဖို့လိုတယ်။ ပြဿနာဖြစ်ပေါ်လာရင် ထွက်ပေါ်လာတဲ့ တကယ့်အမှန်တရားကို အဓိကထားပြီး ဘက်မလိုက်စိတ်နဲ့ ဖြေရှင်းနိုင်ရမယ်။ ကိုယ့်အတ္တကို ဘယ်တော့မှ ရှေ့တန်းမတင်နဲ့။ ကျော်လွန်သွားအောင်တွေးပြီး အများဆန္ဒကို ဦးစားပေးမှုတွေကို ကြိုးစားပြရမယ်။ နောက်တစ်ခု က ကိုယ့်အတွင်းကို ဘယ်တော့မှမမေ့နဲ့။ အမြဲတန်း ဆန်းစစ်ကြည့်နေရမယ်။ များသောအားဖြင့်တော့ အပြစ်တစ်ခု ပေါ်ပေါက်လာ ရင် လူတွေက အဝေးကို ကြည့်တတ်တယ်။ အဲဒါဟာ မဟာအမှားတစ်ခုပါပဲ။ အဓိက ကိုယ့်ကိုယ်ကို ပထမဆုံးဆန်းစစ်၊ နောက်မှ ကိုယ့်အတွင်းလူတွေကို တစ်ယောက်ချင်းဆန်းစစ်။ နောက်မှသာ အဝေးကို ကြည့်ရှုသင့်တယ်။ အကယ်၍ ပြဿနာဟာ အပြင်က ဆိုရင် အဲဒီအတားအဆီးကို ကျော်လွှားနိုင်အောင် လုပ်ရမယ်။ အားလုံးကောင်းဖို့အတွက် အမျှော်အမြင်ရှိတဲ့ လူတွေကို အမြဲတန်း လေ့လာဆန်းစစ်ဖို့ အဖွဲ့လေးဖွဲ့ပေးထားရမယ်။

လက်ရှိစနစ်ဟာ အမှားမှန်းသိရင်တော့ ဒီစနစ်ကို ဘယ်လိုနည်းနဲ့ ခါပစ်နိုင်မလဲ ဆိုတာ လေ့လာ၊ သုံးသပ်ဖို့လိုတယ်။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကြောက်စိတ်ဝင်ပြီး နောက်တွန့်သွားဖို့ မလိုဘူး။ လက်ခံနိုင်အောင် ကြိုးစားရမယ်။ ဘယ်လိုမှ နလန်မထူနိုင်တော့ဘူးဆိုရင် အများကလည်း ယုံကြည်မှုနည်းနည်းသွားမယ် ဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ အင်အားကိုသုံးပြီး ပြန်လည်လန်းဆန်းလာအောင် လုပ်နိုင်ရဲ့လား။ ဒါတွေဟာ အရေးကြီးဆုံး ပထမ ခြေလှမ်းတွေဖြစ်ပါတယ်။

ဒီတော့ ဘယ်သူတွေနဲ့ ဖွဲ့စည်းသင့်သလဲ။ အားလုံးပါဝင်လာအောင် ဆွေးနွေးတိုင်ပင်ပြီးတော့ လူတိုင်းပါဝင်လာရင်တော့ အကောင်းဆုံးပေါ့။ သို့သော်လည်း ကိုယ်နဲ့စိတ်တူကိုယ်တူ၊ ပရဟိတအကျိုးကို တကယ်လုပ်ချင်တဲ့ လူတွေများသထက်များအောင် ပါဝင်လာနိုင်အောင် ဆွဲဆောင်နိုင်ရမယ်။ အထင်ကရပုဂ္ဂိုလ်တွေ၊ အနုပညာသည်တွေ၊ အားလုံးကလေးစားကြတဲ့ ကျောင်းဆရာစတာတွေ၊ သြဇာအာဏာရှိသူတွေ၊ စည်းစိမ်ဥစ္စာရှိသူတွေ စသဖြင့်ပုဂ္ဂိုလ်မျိုးတွေ ပါဝင်လာနိုင်အောင် ကြိုးစားသင့်တယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် ရဟန်း၊သံဃာတွေနဲ့ အန်ဂျီအိုတွေပါ ပါဝင်လာအောင် ဆွဲနိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဘယ်တော့ အကောင်အထည် ဖော်သင့်သလဲဆိုတာကတော့ ပြည့်စုံတဲ့အတိုင်းအတာတစ်ခုကို ဖန်တီးပြီးရင်တော့ စသင့်ပါတယ်။ မြန်မြန်စနိုင်လေကောင်းလေလို့ ဆိုရမှာပဲပေါ့။ ဒီတော့ ဘယ်လိုဖွဲ့စည်းသင့်သလဲဆိုတာ ခေါင်းဆောင်းကောင်းတစ်ယောက်ဟာ လုပ်ငန်းတွေ၊ ကျွမ်းကျင်မှုတွေ လိုလာပြန်တယ်။ အထက်က ကိစ္စတွေလို အရေးကြီးတဲ့ အချက်အလက်တွေကို ကြိုတင်လေ့လာထား၊ သိထားသင့်တယ်ပေါ့။ ဒါမှသာလျှင် အများရဲ့ လေးစားယုံကြည်မှုတွေ ဖြစ်လာမယ်မဟုတ်လား။
ခေါင်းဆောင်သူရဲ့အရည်အချင်း
ခေါင်းဆောင်တဲ့လူ လှုံ့ဆော်တဲ့လူဆိုတာ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ လူတိုင်းဖြစ်နိုင်ရမယ်။
လူတိုင်းဖြစ်ပေါ်လာအောင် ကြိုးစားရမယ်။ အဲဒီလို ဆွဲဆောင်တဲ့အခါမှာလည်း ကိုယ့်ဘက်ပါဖို့ဆိုတာ ကိုယ်ပြောတဲ့စကားအနေနဲ့ ထင်ရှားပြီး ထိထိမိမိ စကားကိုသာ ရွေးခြယ်ပြီး ပြောဆိုတတ်ရမယ်။ အကြောင်းအရာနဲ့ ပတ်သက်တာကိုပဲ ပြောဆိုရမယ်။ သင့် တော်တဲ့ အကြောင်းအရာကို ရွေးခြယ်ပြောဆိုဖို့ အစကထဲက ပြင်ဆင်ထားရမယ်။ ဆွေးတဲ့ လုပ်ဆောင်မယ့် အကြောင်းအရာနဲ့ မပတ်သက်တာတွေ ဘာမှမပြောဆိုမိဖို့ အရေးကြီးပါတယ်။

နောက်ကိုယ့်ရဲ့တင်ပြမှုဟာလည်း ရှေးရိုးစွဲအတိုင်းမဟုတ်ဘဲ အသစ် အဆန်းဖြစ်နေရမယ်။ အမှန်ဆိုတာကိုလည်း ပြနိုင်ရမယ်။ လူတိုင်းခံစားမှုဖြစ်နိုင်အောင်လည်း ကြိုးစားပြရမယ်။ ကိုယ်ပိုင်အသုံး အနှုန်းတွေကို ဦးစားပေးပြီး အခြားသူများကို လိုအပ်တဲ့အခါမှသာ စံအဖြစ်သတ်မှတ်ပြီး ပြောပြရမယ်။ ကိုယ်ပြောတဲ့အကြောင်းအရာ ကိုလည်း ပုံဆွဲသလို မြင်နေအောင် ဟန်ပန်အမူအရာတွေ စိတ်အားတက်ကြွစွာ ပြောပြနိုင်ရမယ်။ နောက်တစ်ခုက ဒီလိုအဖွဲ့အစည်း တစ်ခုဆိုတော့ ကိုယ်တစ်ယောက်တည်းတော့ ဘယ်လိုမှလုပ်ဆောင်လို့ ရမှာမဟုတ်ဘူး။ ဒီတော့ လူတိုင်းကို သူနဲ့တန်တဲ့နေရာတွေ ကို ပေးနိုင်ရမယ်။ ဒီနေရာကို ဘယ်သူနဲ့တန်တယ်ဆိုတာ လေ့လာထားရမယ်။ ဘယ်လိုလုပ်စေခိုင်းရမလဲ။ ဘာကြောင့်လဲ။ ဘယ်အချိန် ကစပြီး လုပ်စေခိုင်းနိုင်ရမလဲ။ ဘယ်နေရာမှာ သင့်တော်သလဲ။ ဘာတွေလုပ်စေရမလဲ။ ဘယ်လိုအမျိုးအစားတွေ ရွေးပြီး ပေးသင့် သလဲဆိုတာတွေကိုလည်း သိထားသင့်ဖို့လိုတယ်။ အိုကေ ဒီလိုဆိုရင် အစီအစဉ်တစ်ခုလောက် အကျဉ်းသဘောလောက် ဆွဲကြည့် ရကြအောင်။

ဆက်လက်ဖော်ပြပါမည်............

ဆက်လက်ဖတ်ရှုပါရန်...

သံသယကင်းအောင် နေထိုင်ခြင်း

>> Thursday, June 10, 2010

လူငယ်နဲ့ခေါင်းဆောင်မှု..........အဆက်

ဟုတ်ပြီ။ ဒီလိုဆိုရင် လောကကြီးမှာ တစ်ယောက်တည်း ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ လူဆိုတာ တစ် ယောက်တည်း နေထိုင်လို့ရတဲ့ သတ္တဝါမဟုတ်တော့ အများနဲ့ပေါင်းသင်းဆက်ဆံမှုတွေ လုပ်ရတော့မယ်။ ဒီတော့ အများကို ကိုယ်က သွားပေါင်းမှာလား။ သို့မဟုတ်ရင် ကိုယ်ကအများရဲ့ ကိုးစားမှုကိုခံယူပြီး အများအတွက် စံအဖြစ်ထားကာ အများကကိုယ့်ကိုယ် သာ လာပြီးပေါင်းသင်းစေအောင်လုပ်မှာလား။ ဒီလိုဆိုရင်တော့ အများအတွက် စံသတ်မှတ်ဖို့ ကိုယ့်မှာ အများက ယုံကြည်လေး စား တန်ဖိုးထားနိုင်လောက်တဲ့ စံနှုံးတွေနဲ့ ပြည့်စုံနေဖို့ လိုတယ်မဟုတ်လား။ သံသယများနဲ့ နေထိုင်ဖို့ ဘယ်လိုမှမဖြစ်တော့ဘူးပေါ့။ အများကို သံသယမရှိဖို့ လိုသလို၊ ကိုယ့်ကိုယ်ကိုလည်း သံသယများကင်းကင်းရှင်းရှင်း နေထိုင်တတ်ဖို့ အရေးကြီးပြီပေါ့။
ဟိုလူကိုလည်း မယုံကြည်၊ ဒီလူ့ကိုလည်းမယုံကြည်တာတွေ ဖြစ်နေရင်တော့ ကိုယ်သွားရမယ့် လမ်းဟာဘယ်လိုမှ ဖြောင့် ဖြူးသာယာနေမှာ မဟုတ်တော့ဘူး။ ကိုယ်ကအထက်ကနေ နေပြီဆိုရင်တော့ အားလုံးကို ယုံယုံကြည်ကြည်ဖြစ်ဖို့၊ တန်းဖိုးထား လေးစားဖို့၊ ဘယ်သူ့ကိုမှ လူမထင်တဲ့ ပုံစံမျိုးတွေကို ရှင်းထုတ်ပစ်ဖို့၊ အများကို ဦးစားပေးဖို့ ဆိုတာတွေဟာ အလွန်ပဲ အရေးကြီး လာပြန်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စံကနေသွေဖယ်ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ကျကျသွားမှုတွေနဲ့သာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ လောကကြီးမှ တစ်နေ့တစ်ခြားဆိုသလို နေရာတွေ လစ်ဟာ နေတယ်။ ဖိတ်ခေါ်နေတယ်။ ဘယ်သူတွေသွားမှာလဲ။ ဘာကြောင့်လဲ။ ဘယ်နေရာလဲ။ ဘယ်တော့လဲ။ သွားသင့်သင့်၊ ရောက်သင့် သူ ဟုတ်ကဲ့လား။ တန်ရဲ့လား။ ဒါတွေကို ဘယ်သူတွေက သတ်မှတ်ပေးမှာလဲ။ အဓိကကတော့ ကိုယ့်တိုင်ထားရှိတဲ့ တတ်သိလိမ် မာတဲ့အတတ်ပညာတွေ၊ ကျွမ်းကျင်မှုတွေ၊ ကိုယ်ကျင့်တရားတွေ၊ စေတနာ၊ဝါသနာ၊ အနစ်နာဆိုတာတွေကို ကိုယ်တိုင်သတ်မှတ် ထားသင့်တယ်။ ဒါမှသာလျှင် ကိုယ့်ကိုယ်အမှီပြုပြီး နောက်လိုက်မယ့် လူတွေအနေနဲ့ ကိုယ့်ကိုအထင်ကြီး၊ လေးစား၊ တန်ဖိုးထား လာမယ်မဟုတ်လား။

ဒီတော့ ဘယ်လမ်းကိုလိုက်မလဲ။ ဘာတွေလုပ်ကြမလဲ။ လုပ်စရာတွေကတော့ နေရာအနှံ့အပြားမှာ ရှိနေခဲ့တယ်။ ဥပမာ တစ်ခုပြောမယ်။ ဒီနှစ်နွေဟာ အခြားအခြားသောနှစ်တွေနဲ့ မတူအောင် ပူလောင်ခဲ့တယ်။ အပူအချိန်မြင့်သလို မိုးကလည်းမရွာ တော့ နေရာတော်တော်များများမှာ ရေရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ကိုယ်တိုင်လည်း ကြုံတွေ့ကောင်း ကြုံတွေ့ ခဲ့ပါလိမ့်မယ်။ ဒီတော့ လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့ ဒီပြဿနာကို ဘယ်သူတွေ ဖြေရှင်ပေးမှာလဲ။ ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဘယ်လောက်ကြာအောင်လုပ်ပေးနိုင်မလဲ။ ဘယ်လောက်ကုန်ကျနိုင်သလဲ။ ဒီလို အရေးပေါ်ကိစ္စတွေဟာ မကြာခဏဆိုသလို ကြုံလာ နေခဲ့တယ်။ နောက်လည်း ဒီလိုပဲ ကြုံလာနေဦးမှာပဲ မဟုတ်လား။ ဒီတော့ အစကထဲက ပြဿနာတစ်ခုကို တကယ်ဖြစ်ပေါ်နေခဲ့ သလို စီမံကိန်းတစ်ခု ပုံစံမျိုး ရေးဆွဲထားမှု လုပ်ထားသင့်တယ်ပေါ့။ ဒါမှသာလျှင် တကယ်ပြဿနာဖြစ်ပေါ်လာရင် ကိုယ့်အဖွဲ့လေး တွေက တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူဖြေရှင်းနိုင်ကြမယ်မဟုတ်လား။ ဒီတော့ အဖွဲ့အစည်းများလေ၊ ကောင်းလေ။ ဆိုတော့ ဘယ်လို ဖွဲ့စည်းမယ်။ ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်။ ဘယ်တော့ အကောင်အထည်ဖော်မယ်။ ဘယ်လို လုပ်ရမယ်ဆိုတာ အနည်းအကျဉ်း လောက်ပြောပြဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် အောက်ပါအချက်အလက်လေးတွေ လုပ်ကြည့်စေချင်ပါတယ်။
အလုပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို အကောင်အထည်ဖော်တော့မယ်ဆိုရင်တော့ အားလုံးနဲ့ တိုင်ပင်ပြီး ဆွေးနွေး အကြံယူဖို့လိုတယ်။ အဲဒီလို အကြံယူတဲ့အခါမှာလည်း ကိုယ်ဖြစ်ချင်တာကြီးပဲ ဇွတ်အတင်း ဆွဲမတင်မိဖို့ လိုတယ်။ အများပါဝင် လာအောင် အကြံပေးနိုင်ရမယ်။ ဆွဲခေါ်ရမယ်။ ဒီလိုဆိုရင် ကိုယ်လုပ်ရမယ့် အကြောင်းအရာလေးကို ခေါင်းစဉ်တစ်ခု တပ်လိုက်ပါ။
အဲဒီလို တပ်လိုက်ပြီဆိုရင်တော့ ကိုယ်ဦးဆောင်ပြီး လုပ်တော့မယ့် လုပ်ငန်းရဲ့ သဘောသဘာဝကို ကောင်းကောင်းနားလည်ထားဖို့ လိုတယ်ပေါ့။ ဒီလုပ်ငန်းကို အကောင်အထည်ဖော်မယ်ဆိုရင်.......။

ဆက်လက်ဖော်ပြပါမည်............

ဆက်လက်ဖတ်ရှုပါရန်...

လူငယ်နဲ့ခေါင်းဆောင်မှု

>> Friday, June 4, 2010

အမှာစကားအနည်းငယ်
ဒီစာအုပ်လေးကိုတော့ စတုတ္ထခြေလှမ်းအဖြစ် စာဖတ်သူတွေဆီ အရောက်ပို့လိုက်ပါပြီ။ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်။ တက်လမ်းကျမ်းမဟုတ်ဘူးဆိုတာတော့ ပြောလိုပါတယ်။ လူငယ်လေးတွေ အဓိကထားပြီး ရေးသားတာဖြစ်လို့ လူငယ်နဲ့ခေါင်းဆောင်မှု ဆိုပြီး၊ နာမည်ပေးလိုက်ပါတယ်။ တကယ်တော့လည်း လူငယ်တွေမှမဟုတ်ပါဘူး။ အခြားသော လူကြီး၊ လူလတ်တွေပါ ဖတ်သင့် မယ်လို့ထင်ပါတယ်။ ဒီတော့ ဒီစာအုပ်လေးကို ကိုယ်တိုင်ပြန်ညွှန်းချင်တာကတော့ အတ္တဟိတနယ်ပယ်မှာပဲဖြစ်ဖြစ်၊ ပရဟိတနယ်ပယ် မှာပဲဖြစ်ဖြစ် ခေါင်းဆောင်တစ်ယောက်လုပ်တော့မယ်ဆိုရင်တော့ လူအများလေးစား ယုံကြည်တဲ့ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လိုချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ထားသင့်ပါ။ အိတ်ဆောင်အဖြစ်လည်း ထားသင့်ပါတယ်။ တတိယမြောက် လူငယ်နဲ့ လောကဓံဆိုတဲ့ စာအုပ်လေးမှာတော့ ပရိသတ်ကတော်တော်လေး အားပေးကြတယ်။ စာနဲ့တစ်ဖုံ၊ ဖုံးနဲ့တစ်သွယ် ဒါမျိုးလေးကို ဆက်ထုတ်ဖို့ တိုက်တွန်းကြတယ်။ ဒါကြောင့် အဲဒီလူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အစစအရာရာ ကူညီပေး ခဲ့ကြတဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

မောင်မင်းစိုး၊ရွှေနံ့သာ

ရောင်စုံဖူးပွင့်တဲ့ စိတ်ရဲ့စေရာ

၂ဝ၁ဝရဲ့ အရွေ့ကတော့ သေချာမှုတစ်ခုကို ထုတ်ပြရမယ်ဆိုရင် ပူလောင်မှုဒဏ်ကို နေရာအနှံ့အပြားမှာ ခံခဲ့ကြရတယ် လို့ဆိုရမှာပေါ့။ အသေအပျောက်တွေများသလို၊ ရာသီဥတုရဲ့ ဒဏ်ကိုလူလိမ့်ခံရင်း မောပန်းခဲ့ကြရတဲ့ လူတွေကတော့ တော်တော် လေးများခဲ့ရတယ်မဟုတ်လား။ ဒီတော့ သဘာဝတရားရဲ့ စိန်ခေါ်မှုမျိုးစုံကတော့ တစ်နှစ်ထက်တစ်နှစ် မတူအောင်ကို ပိုမိုကြီးမား တဲ့ စိန်ခေါ်မှုတွေနဲ့ ကြိုဆိုနေခဲ့ပြီ။ ဆိုတော့......။

အညာနွေအောက် ပြားပြားမှောက်ရင်း အော်ဟစ်ခဲ့ရတဲ့ စိတ္တဇညနက်များမှာ ရွဲရွဲစိုနေခဲ့တဲ့ ကြမ်းပြင်ရဲ့ အတွေ့အထိနဲ့ ညပေါင်းများစွာကို ဖြတ်သန်းကျော်လွန်ခဲ့တယ်။ အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ၊ အတွေးများခဲ့တဲ့ ညတွေ၊ အလွမ်းများခဲ့ရတဲ့ ညတွေ၊ ထန်းလက်တဲလေးရဲ့ မလုံခြုံမှုတွေနဲ့ ညပေါင်းများစွာကို ကျော်လွန်ခဲ့ရတယ်။ ဒီလိုနဲ့ အတွေးများဖြန့်ကြက်ရင်း ရင်ထဲ ဟာတာတာဖြစ်နေ တဲ့ ဆာလောင်မှုတွေကို ထုဆစ်ဖို့ အညာနွေရဲ့ ညများက ပုတ်နိုးခဲ့တယ်။

မနက်ဖြန်ဆိုတာ လာတော့မယ်။ ဒီညမှာ အိပ်စက်မှုဟာ မနက်ဖြန်ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ အားအင်ကို ဖြစ်စေ ရဲ့လား။ မှေးမှေးလေး အိပ်ပျော်သွားစဉ် နားဘေးကပ်ပြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့တယ်။ ချွေးသီး၊ ချွေးပေါက် များဖြင့် တစ်ကိုယ်လုံး စိုရွဲနေတဲ့ အိပ်ရာပေါ်ကနေ ထထိုင်လိုက်တယ်။ ဘေးနားမှရှိတဲ့ ရေအိုးထဲက ရေတစ်ခွက်ကို မှုတ်ပြီးသောက် လိုက်တယ်။ ဂယောက်ခြောက်ခြား စိတ်တွေဖောက်ပြန်သွားတယ်။

'' မင်း၊ ဒီလိုပဲ အိပ်နေတော့မှာလား ''

အိပ်စက်ခွင့်လေး လုံလုံလောက်လောက် ပေးသင့်သည်။ ဖြုတ်များသည်လည်း နေရာအနှံ့အပြားကို ထိုးဆိတ်နေခဲ့ကြသည်။ ညတာရှည်လွန်းသော်လည်း ကိုယ့်အတွက်တော့ တိုလွန်းနေခဲ့သည်။ တစ်နေ့လုံး ပူလောင်ခဲ့သော အပူများသည် အခုမှပင် ကျသွား ခဲ့သည်။ ထပ်အိပ်ကြည့်ဖို့ ကြိုးစားသည် သို့သော် အိပ်စက်မှုသည် အချီးအနှီးသာ ဖြစ်နေခဲ့တော့သည်။

'' သေခြင်းတရားဟာ မင်းရဲ့ ဘယ်ဘက်နံရိုးကို ရိုက်ချိုးနေခဲ့ပြီ။ ခေါင်းအေးအေးထား စဉ်းစားခဲ့တာတွေ များနေပြီ။ ဒါပေမယ့် မင်းဟာ ဘာမှအကောင်အထည် မဖော်ခဲ့သေးဘူး။ မင်းအတွက် အသက်ရှင်ခြင်းနဲ့ လူဖြစ်ခြင်းဟာ ဒီစား၊ အိပ်ဆို တာတွေနဲ့ ကုန်လွန်နေတော့မှာလား။ သေချာစဉ်းစား ဒီလိုပဲ လူအဖြစ်လေး ခဏရောက်လာတာ၊ လူဖြစ်ရကျိုး နပ်မသွားတဲ့ လူ တွေ ဒူးနဲ့ဒေးရှိခဲ့တယ် ''

အတွေးများ အဖြေရှာဖို့ ဗလာစာအုပ်နဲ့ ဘောလ်ပင်ကို လှမ်းဆွဲလိုက်သည်။ ဘာတွေ ပြောချင်တာလဲ၊ ဘယ်သူတွေကို ပြောမှာလဲ၊ ဘာကြောင့်လဲ၊ ဒီလိုလဲပေါင်းမျိုးစုံအောက်မှာ တုန်ယင်နေတဲ့လက်နဲ့ ဘောလ်ပင်ကို အားတင်းဖြစ်ညစ်ပြီး မြဲမြဲဆုတ် ကိုင်လိုက်တော့သည်။ အခု အဲဒီလိုတွေးခဲ့တဲ့ အာရုံတွေနဲ့ စိတ်ကူးယဉ်မျိုးစုံ၊ အတွေ့အကြုံမျိုးစုံ၊ မှတ်သားမှုမျိုးစုံဟာ ဖလင်ချပ် တွေလို တစ်ကွက်ပြီးတစ်ကွက် ပေါ်လာတော့သည်။ လူငယ်တစ်ယောက်ဖြစ်တဲ့ အဆိုတော်တစ်ယောက်ရဲ့ အားကောင်းတဲ့ စကား လေးဟာ မထင်မှတ်ဘဲ ခေါင်းထဲမှ ထွက်ပေါ်လာခဲ့ပါတယ်။ ခေါင်းဆောင်သူတစ်ယောက်အနေနဲ့ တန်ဖိုးထားသင့်တဲ့အတွက် ဒါလေးနဲ့ပဲ စတင်လိုက်ပါတယ်။

'' သမီးက အဖြူရောင် စာရွက်လေး၊ ဘေးက လူတွေက ရောင်စုံခဲတံတွေပေါ့၊ စာရွက်ဖြူပေါ် ဆေးရောင်ခြယ်တဲ့အခါ မှိန်နေရင်လည်း မှိန်ပါစေ၊ မပေါ်ရင်လည်း နေပါစေ၊ ဆေးရောင်လှလှ ခြယ်ပေးစေချင်တယ်၊ မလှမပ ဆေးရောင်ခြယ်သူတွေ အကြောင်း ပရိသတ်ကို တိုင်ထားတာပါ '' ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ ''ဆေးရောင်လှလှခြယ်ရအောင်''စီးရီးထွက် ထွက်လာပြီး ပရိတ်သတ်ကို ပြောလိုက်တဲ့ စန္ဒီမြင့်လွင်ရဲ့ စကားလေးဟာ ရင်ထဲရောက်လာပါတယ်။

ခိုးကူးခွေ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်ဂီတလောကရဲ့ တုန့်ပြန်မှုကတော့ အားတက်စရာပါ။ အရှုံးတွေပေါ် နေပေမယ့် ကိုယ်လုပ်ရမယ့်လမ်းကြောင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေကြတဲ့ အနုပညာသည်တွေကို လေးစားထိုက် ပါတယ်။ ဒီလိုနဲ့ အလွှာမျိုးစုံကနေ ထွက်ပေါ်လာတဲ့ သီချင်းအခွေတွေကလည်း ဂန္ထဝင်သီချင်းမှအစ ဟစ်ဟော့ပ်၊ ပန့်ခ်အထိ ထိုး ထွက်လာနေခဲ့တယ်။ စန္ဒီမြင့်လွင်ရဲ့ သီချင်းကိုတော့ နားမထောင်ဖြစ်သေးပါဘူး။ သို့သော် သူပြောတဲ့စကားလေးကတော့ ခေါင်းထဲကို အလိုလို ရောက်လာတယ်။ ဒါကြောင့် အတွေးများကို စတင်ဖြန့်ကြက်ဖြစ်လိုက်ပါတယ်။

လူငယ်တွေအတွက် အထက်က စကားရပ်လေးကို ဆွဲထုတ်လိုက်မိတယ်။ လူငယ်တွေမှမဟုတ်ပါဘူး။ လူကြီးဆိုသူတွေ အတွက်လည်း တော်တော်အားကောင်းနေတဲ့ စကားလေးကို ဖြေချပေးလိုက်ပါတယ်။

လူတွေရဲ့စိတ်တွေဟာ အစပထမကတော့ အားလုံးဖြူစင်နေခဲ့ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်း ရင့်ကျက်မှုတွေတိုးလာ တာနဲ့အမျှ စိတ်တွေဖောက်ပြန်လာတော့တယ်။ ဒီနေရာမှာ ရင့်ကျက်မှုနဲ့ ဖောက်ပြန်မှုကို တွဲပြီး သုံးလိုက်မိတယ်။ ရင့်ကျက်မှုဆိုတာ ဘာပေတံနဲ့တိုင်းတာမှာလဲ၊ အမှန်ကတော့ ရင့်ကျက်မှုကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုမှဖြစ်မယ်။ တစ်မျိုးတစ်ဘာသာတည်းတော့ ဖွင့်ဆိုမှု မလုံလောက်ဘူးလို့ ဆိုရမှာပေါ့။ အသိÓာဏ်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ တစထက် တစ ပီပီပြင်ပြင်ဖြစ်လာမှု၊ ကျွမ်းကျင်လာမှု၊ တိုးတက်လာမှုစတာတွေဟာ ရင့်ကျက်မှုပါပဲ။ နောက်တစ်ခု ရင့်ကျက်မှုကတော့ ရင့်ပြီးတော့ ကျက်သွားတဲ့သဘော။ မကောင်းတဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့သဘော။ ဒီလိုရမှန်းသိတော့ ဒီလိုလုပ်ရမယ်။ တရားတာ တွေ၊ မတရားတွေကို လေ့လျူရှုလာပြီး၊ သူတစ်ပါးအပေါ် အသားစီးကနေ ဆက်ဆံပြီးရရှိလာတဲ့ လောဘဆိုတဲ့ အလိုရမ္မက်တွေ ကြီးစိုးလာပြီး ထုနှက်၊ ရိုက်ပုတ်၊ ခိုးယူ၊ သတ်ဖြတ်၊ မနာလို ဝန်သိုမှုတွေကနေ တစ်ဆင့် ရင့်ပြီး အကျက်လွန်သွားတာတွေကို အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်တယ်။ ဒါကတော့ ကိုယ်တစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက် ဖွင့်ဆိုမှုပေါ့။ ဒီတော့ ကိလေသာ လောင်းရိပ် ကနေ မထွက်နိုင်တော့ ဖြူစင်နေတဲ့ စိတ်ကလေးကို လောဘ၊ ဒေါသ၊ မောဟ-စတဲ့ ကိလေသာ ဆိုးရည်တွေနဲ့ ဖက်ဖြန်း၊ ဆေး ဆိုးလိုက်တော့ အဖြူရောင်လေးဟာ ညစ်ပတ်ပေရေသွားတော့တယ်။

သို့သော်လည်း ဒီနေရာမှာတော့ အထက်ကပြောခဲ့တဲ့ စကားလေးနဲ့ ချိပ်စက်လို့မရဖြစ်နေလိမ့်မယ်။ သူသဘောထား၊ သူပြောချင်တာကို ခြေရာကောက်ကြည့်တော့ အားကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒါလေးကို ပြောပြချင်တာဖြစ်ပါတယ်။

လူတွေ အသက်ရှင်နေထိုင်ဖို့ အလုပ်မျိုးစုံ လုပ်ခဲ့ကြတယ်။ လုပ်နေကြတယ်။ လုပ်လည်းလုပ်နေဦးမှာပဲ။ ဒီလို နေထိုင်ဖို့ လုပ်နေကြတဲ့ အလုပ်မျိုးစုံမှာ သမ္မာအာဇီဝဖြစ်ကြရဲ့လား။ ဒါကတော့ အတ္တဟိတကို ကိုယ်စားပြုတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လူသားကောင်းကျိုးတွေအတွက် အလုပ်မျိုးစုံ လုပ်ကိုင်နေကြရင်း လည်ပတ်နေကြတယ်။ ဒါတွေကကော တကယ်အကျိုးရှိရဲ့လား၊ ဒါကိုတော့ ပရဟိတကို ကိုယ်စားပြုတဲ့အလုပ်လို့ ဆိုရမှာပေါ့။ ဒီိလို အတ္တဟိတ၊ ပရဟိတ အလုပ်နှစ်ခုမှာ ဆေးရောင်မျိုးစုံခြယ်သကြတယ်။ လှလှပပ ခြယ်နေကြရဲ့လား။ ဘယ်လိုအရောင်တွေ သုံးနေခဲ့ကြသလဲ။ ဘာအလုပ်တွေ လုပ်နေခဲ့ကြသလဲ။ ဘယ်သူတွေနဲ့ ပူပေါင်း ဆောင်ရွက်ပြီး လုပ်နေခဲ့ကြသလဲ။ လှပပြီး သန့်ရှင်းဖို့ဆိုတဲ့ သမ္မာအာဇီဝကျကျ လုပ်ကိုင်နေကြဖို့လိုတယ်။ အဲဒီလို မဟုတ်ဘဲ မျောက်ပြပြီး ဆန်တောင်းနေကြတဲ့ လူတွေကိုတော့ ပရိသတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။

သူပြောခဲ့သလို '' မှိန်ချင်မှိန်ပါစေ၊ မပေါ်ရင်လည်း နေပါစေ။ ဒါပေမယ့် ဆေးရောင်လှလှ ခြယ်ပေးစေချင်တယ် '' တယ်တဲ့။ မှန်ပါတယ်။ အလွှာအသီးသီးကနေ ကျရာတာဝန်တွေ ထမ်းဆောင်နေကြတဲ့ လူတန်းစားမျိုးစုံရှိပါတယ်။ သူတို့ဟာ ကိုယ့်သမိုင်းကိုယ်ရေးသူများ ပီပီ၊ ကိုယ်လုပ်နေတဲ့ တာဝန်များ၊ ဝတ္တများကို တကယ့်ကို စစ်မှန်တဲ့ ၊ ကောင်းမြတ်တဲ့၊ သန့်ရှင်း စင်ကြယ်တဲ့ စိတ်တွေနဲ့ လုပ်ဆောင်နေကြဖို့လိုပါတယ်။ အဲဒီလို လုပ်ဆောင်နေကြတယ်ဆိုရင်ပဲ ဂုဏ်ယူရမှာ၊ အသိအမှတ်ပြုကြ ရမှာဖြစ်ပါတယ်။ ကိုယ့်ဆိုးနေတဲ့၊ ခြယ်သနေတဲ့၊ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ဆောင်ချက်လေးတွေဟာ မှိန်ချင်မှိန်နေပါစေ၊ မပေါ်လွင်ချင် မပေါ်ဘဲနေပါစေ။ ဒါပေမယ့် သန့်ရှင်းစင်ကြယ်တဲ့ မွန်မြတ်တဲ့ စိတ်ထားတွေနဲ့ ပြုမှုဆောင်ရွက်ကြဖို့ အရေးကြီးပါ တယ်။ အဲဒီလိုမဟုတ်ရင်တော့ ကိုယ့်ထင်ရာ ကိုယ်စိုင်းသမားတွေ၊ ကိုယ့်လုပ်ချင်တာတွေကို ဘာမှဂရုစိုက်ပဲ ငါ့အတွက်ပဲ၊ ငါ့မယား အတွက်၊ ငါ့သား၊သမီးအတွက်၊ ငါ့ဆွေမျိုးအတွက်ပဲဆိုပြီး ငါကိုရှေ့တန်းတင်ပြီး အတင်းအားဓမ္မ ကိုယ့်အိတ်ထဲ ထိုးထည့်နေသူ တွေကိုတော့ ပရိသတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ တိုင်စရာမလိုအောင်ကို အဆုံးအဖြတ်တွေ ချသွားပါလိမ့်မယ်။ ဒီတော့ ဒီနေရာမှာ ပရိသတ်က အဆုံးအဖြတ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ယောက်အကြောင်းကို အကျဉ်းသဘောမျှပဲ ထုတ်ဖော်ပြလိုပါတယ်။

လူနှစ်ဦးရဲ့ ခြားနားချက်

တစ်ခါက ရွာတစ်ရွာမှာ ဗိုလ်ကေနဲ့ တိုက်ကြီး ဆိုတဲ့ လူနှစ်ယောက်ရှိတယ်။ ဗိုလ်ကေဆိုတဲ့ လူကတော့ တော်တော်လေး ဆင်းရဲတယ်။ တိုက်ကြီးကတော့ အဲဒီရွာမှာ အချမ်းသာဆုံးလို့ကို ပြောရမှာပေါ့။ သူတို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေဆိုတော့ တစ်ယောက်ကိုတစ်ယောက်ကတော့ အတွင်းသိ၊ အစဉ်းသိဆိုပါတော့။ ဗိုလ်ကေဆင်းရဲတာ ဘာဖြစ်လို့ဆိုတာ တိုက်ကြီးသိသလို၊ တိုက်ကြီးချမ်းသာတာ ဘာအတွက်ကြောင့်ဆိုတာလည်း ဗိုလ်ကေကအားလုံးသိတယ်။ တကယ်တော့ တိုက်ကြီးချမ်းသာမှုဟာ ဗိုလ် ကေရဲ့ အနွံတာခံစိတ်ဓာတ်၊ သနားညှာတာမှုစိတ်ဓာတ်၊ အလိုက်သိမှုစိတ်ဓာတ်တွေကြောင့်လို့ ပြောရမှာပဲ။ တိုက်ကြီးဟာ အိမ်ထောင် ကျပြီး ကလေး လေးယောက်နဲ့ ဘဝကိုရုန်းကန်ခဲ့တယ်။ ဗိုလ်ကေကတော့ အမေဖြစ်တဲ့မိခင်အိုကြီးကို ပြုစုလုပ်ကျွေးရင်း လူပျိုကြီး ဘဝနဲ့ နေနေခဲ့တယ်။ ဒီလိုနဲ့ ကြီးပြင်လာလိုက်တာ အသက်ငါးဆယ်နားယောက်တော့ ဗိုလ်ကေဟာ သူ့အမေကြီး အိပ်ယာထဲသေ လုမျောပါးဖြစ်နေပြီး ဘယ်တော့အသက်ထွက်မယ်ဆိုတာ စောင့်ကြည့်နေရတဲ့ အခြေအနေအထိ ရောက်နေခဲ့တယ်။

ဒီလိုနဲ့ သေသွားတဲ့ မိခင်အိုကြီးကို သင်္ဂြိုလ်ဖို့ ဗိုလ်ကေမှာ ငွေအခက်အခဲဖြစ်နေတယ်။ ဒါကြောင့် သူ့သူငယ်ချင်းဖြစ်တဲ့ တိုက်ကြီးဆီ ငွေသွားချေးတယ်။ တိုက်ကြီးက လုံးဝမချေးငှါးလိုက်ဘူး။ သူက ဘယ်လိုတွေပြောပြီး မချေးငှါးတာလည်းဆိုတော့ ''မင်းဟာ ဘာအလုပ်အကိုင်မှ ရှိတဲ့ကောင်မဟုတ်ဘူး။ ဒီတော့ မင်းချေးငှါးရင် ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူး၊ ဒါကြောင့် မင်း ဘာသာသူ ဘယ်မှာပဲ ချေးချေး ငါတော့မချေးနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်'' ဒီလိုနဲ့ ဗိုလ်ကေလည်း ဘာမှစောဒကတက် မနေတော့ဘဲ လာရာလမ်းကို ပြန်လှည့်ခဲ့တယ်။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့မှာတော့ ဗိုလ်ကေလည်း အပြင်းဖျားပြီး အိပ်ယာထဲမှာ လဲနေခဲ့တယ်။ ဆေးဖိုးဝါးခမရှိတော့ ဘယ်မှလည်းသွားပြီး မပြနိုင်ရှာဘူး။ ဒါကြောင့် သူ့ သူငယ်ချင်းတစ်ယောက် က တိုက်ကြီးဆီသွားပြီး ငွေချေးပေးပြန်တယ်။ တိုက်ကြီးဟာ စကားမျိုးစုံကို နားမခံသာအောင် ပြောပြီးတော့ တစ်ပြားတစ်ချပ်မှ မချေးလိုက်ပြန်ဘူး။ ဒီလိုနဲ့ တစ်ရက်နှစ်ရက်လောက်မှာတော့ ဗိုလ်ကေလည်း သေသွားပြန်ပါတယ်။

ဗိုလ်ကေသေသွားတော့ ပစ္စည်းတွေရှင်းကြရင်း နာကျင်စွာရင်ဖွင့်ထားတဲ့ စာရွက်များနှင့် ဗိုလ်ကေနှင့်တိုက်ကြီးတို့ ကတိပြု လက်မှတ်ထိုးထားတဲ့စာရွက်ကို ပူးတွဲပြီး တွေ့လိုက်ရတယ်။ အဲဒါကတော့ တိုက်ကြီးဒုက္ခရောက်စဉ်က အြေ<ွကးတွေနဲ့ ဝိုင်းနေစဉ်မှာ အချုပ်ခန်းထဲမရောက်ရအောင်ဆိုပြီး သူငယ်ချင်းဖြစ်တဲ့ ဗိုလ်ကေက သူ့အမေရဲ့နားကပ်တစ်ရံရယ်၊ မိဘ၊ ဘိုးဘွား လက်ထက်က အမွေပေးထားခဲ့တဲ့ ဆွဲကြိုးကုံးတစ်ခုရယ်ကို အဆင်ပြေတဲ့နေမှသာ ပြန်ပေးပါမယ်ဆိုတဲ့ ကတိပြုလက်မှတ်ဖြစ်ပါတယ်။ တကယ်တော့ တိုက်ကြီးချမ်းသာတယ်ဆိုတာ ဒီပစ္စည်းတွေ ထုခွဲရောင်းချပြီး၊ အြေ<ွကးတွေကျေအောင် ဆပ်နိုင်သလို၊ အပိုအလျှံ များစွာပင် ကျန်ခဲ့ပါတယ်။ အဲဒီပိုလျှံတဲ့ ငွေနဲ့ အရင်းအနှီးပြုခဲ့ရင်း တိုက်ကြီးချမ်းသာခဲ့ခြင်းဖြစ်ပါတယ်။ မှတ်မှတ်ရရ တိုက်ကြီး အနေနဲ့ ဗိုလ်ကေ့ကို ပုဆိုးလေးတစ်ကွင်း ဝယ်ပေးတာမှအပ အခြားဘာမှ ပြန်မဆပ်ခဲ့ဘူးဆိုတာ ဗိုလ်ကေ့အနေနဲ့ ရင်ဖွင့်ထားခဲ့ ပါတယ်။ ဒါကို ပရိသတ်အနေနဲ့ ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာ.....။

ဆက်လက်ဖော်ပြပါမည်.....

ဆက်လက်ဖတ်ရှုပါရန်...

နွေရာသီ ယဉ်ကျေးမှုသင်တန်းနှင့် ယဉ်ကျေးမှုဂုဏ်ရည် စာပေဟောပြောပွဲ

>> Wednesday, May 12, 2010

နွေရာသီ ယဉ်ကျေးမှုသင်တန်းနှင့် ယဉ်ကျေးမှုဂုဏ်ရည် စာပေဟောပြောပွဲကို ဆားလင်းကြီးမြို့နယ်
ကံကုန်းရွာ၊ မဟာစမ္ပါရုံကျောင်းတွင် အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည်။ ဟောပြောပွဲကို ဆရာ ကောက်နွယ်ကနောင်၊ သန်လျင်မောင်မောင်ဦးနှင့် မောင်မင်းစိုး (ရွှေနံ့သာ)တို့က ဟောပြောခဲ့ကြသည်။ ပရိသတ် ၁၀၀၀-ကျော်လောက် တက်ရောက်ခဲ့ကြသည်။








ဆက်လက်ဖတ်ရှုပါရန်...

About This Blog

Lorem Ipsum

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP