Tuesday, August 11, 2009

မှန်ဆာသူ


စိမ်းစိုနေသော တောအုပ်ကြီးသည် သဘာဝတရား၏ စိတ်ကူးကောင်းကောင်းဖြင့် မွမ်းမံခြယ်သ ထားခဲ့လေသလား မပြောတတ်။ ဘယ်ဆီကြည့်ကြည့် တောရိပ် တောင်ရိပ် ညှို့ညှို့ မှိုင်းမှိုင်းဖြင့် လေးဘက်လေးရံ ကာဆီး ထားခဲ့လေသည်။ ညနေခင်းများဆိုလျှင် တောင်စွယ်နေကွယ်မှု ပုံရိပ်များသည် ဘယ်ပန်းချီဆရာမှ ရေးလို့မမှီအောင် လှပနေခဲ့လေသည်။ ကျေးငှက်သာရကာတို့၏ အိပ်တန်း ဝင်ချိန်များ ဆိုလျှင် အသံမျိုးစုံ ဟစ်ကြွေးတေးဆိုလျှက် တော တစ်ခုလုံး အုန်းအုန်းထပြီး မညီးနိုင်စရာ မြင်ကွင်း၊ မပျောက်ပြယ်သော အသံတို့ဖြင့် ရုပ်လုံးကြွနေခဲ့လေသည်။

အဖေရယ်၊ အမေရယ်၊ အမရယ်၊ သားငယ်လေးရယ်ဆိုပြီး သူတို့၏ မိသားစုသည် ချမ်းမြေ့သာယာ သော၊ ငြိမ်းချမ်း တိတ်ဆိတ်သော၊ စိမ်းစိုလှပသော၊ တောင်များ ကာရံနေသော၊ ရွာဖြင့်မနီးမဝေးသော တောတောင်ကြားမှာ ငြိမ်သက်စွာ ရှိခဲ့လေသည်။ သူ၏အသက်သည် ငါးနှစ်သား အရွယ်ဖြစ်ပြီး။ မွေးကထဲက ဆွံ့အ၊ နားမကြားခဲ့ခြင်း ဖြစ်သည်။ မိဘများသည် ချူချာသော သားငယ်လေးကို အလွန်ပင်ချစ်ခင်၊ ကြင်နာကြသည်။ ပိုးမွေးသလို မွေးမြူခဲ့ကြသည်။ မျက်နှာပြည့်ပြည့် အသားဖွေးဖွေး ဆံပင်အနည်းငယ် နီရောင်သန်းနေသော သား လှရတနာကို မျက်စေ့အောက်က မပျောက်အောင် မနည်းစောင့် ကြည့်နေရသည်။

သူသည် အနုပညာဓာတ်ခံရှိသူဟု ဆိုရပေမည်။ သူရေးခြစ်ထားသော ခဲရောင်ပန်ချီကားများ အများအပြားပင်ဖြစ်သည်။ ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးရဲ့ ကိုးပွားဖြစ်လေမလား မပြောတတ်။ ခဲတံများများ ဝယ်ပေးရသည်။ ဗလာစာအုပ်အကြမ်းများစွာ ဝယ်ပေးထားရသည်။ သူအဆွဲများသော ပန်းချီကားများသည် များသောအားဖြင့် သစ်ပင်၊ တောတောင်၊ ရေကန်ပုံများ ဖြစ်နေလေသည်။ သူတို့ အတွက် တစ်နှစ်တာ သုံးရန်အိမ်နောက်ဘေးရှိ ရေကန်ကြီးပုံဖြစ်သည်။ မပြီးဆုံးသေးသော ပန်ချီကားများစွာကိုလည်း တွေ့ရသည်။ သူကြိုက်သည့် ပန်းချီကားများကို ဗလာစာအုပ်မှဖြဲလျှက် အိမ်နံရံတွေပေါ် လိုက်ကပ်ထား တတ်သည်။ အချို့သော ဆွဲလက်စ ပန်းချီကားများနှင့် သူမကြိုက်သည်ဟု ယူဆရသော ပန်းချီကားများကို သူအိပ်သော ဖျာခင်းအောက် ထိုးထားတတ်သည်။

သူသည် ကလေးနဲ့မတူအောင် တည်ငြိမ်လွန်းသည်။ မိဘများကိုလည်း ဂျီမကျတတ်။ တစ်ယောက်တည်း နေတတ်သူဖြစ်သည်။ ဒါကို ဖခင်ဖြစ်သူက မနှစ်သက်။ မိန်းမဖြင့် တိုင်ပင်ပြီး မြို့တက်ပြီး ဆရာဝန်ပြဖို့ တိုင်ပင်ကြသည်။ ''စကားမပြောတတ်လို့ မပြောတာကို ရှင်က ဘာရေးကြီး ခွင်ကျယ်လုပ်ပြီး ဆရာဝန် ပြချင်နေရတာလည်း'' ဟူသော မိန်းမ၏ စကားကို အတိုက်အခံ မလုပ်ချင်၍သာ နေနေခဲ့ရသော သူအဖေကတော့ ဒီလိုကလေးနဲ့မတူအောင် တိတ်ဆိတ်ငြိမ်သက်မှုမျိုးကို မလိုလား။ ကလေးကို ဆော့စေချင်သည်။ ရယ်စေချင်သည်။ ကစားစရာမျိုးစုံ ဝယ်ပေးထားသော်လည်း တစ်ရက် နှစ်ရက်သာ ဆော့ကစားတတ်ပြီး ပစ်ထားတတ်လေသည်။

အစား အသောက်ကိုပင် မိဘများက ကြွေးမှ စားတတ်ပြီး။ တစ်ခါမှ ဆာ၍ တောင်းသည်ကို မတွေ့ခဲ့ဘူးကြပေ။ မိဘများက ခိုင်းသော အရာမှန်သမျှကိုလည်း မငြင်းဘူး။ မလုပ်နဲ့ဆိုတဲ့ မကြိုက်တဲ့ အမူအရာဖြင့်ပြောလျှင် နောက်နောင် အမှတ်သညာထားပြီး မလုပ်မိအောင် နေခဲ့လေသည်။ ခဲတံ ဗလာစာအုပ်များကိုပင် အမဖြစ်သူက ရွာထဲဈေးရောင်းသွားလျှင် အလိုက်သိစွာ ဝယ်ပေးရခြင်းဖြစ်သည်။ သို့သော် သူုသည် ရေချိုးရန်ကား အမြဲတန်းလိုလို ငြင်းပယ်တတ်လေသည်။ မိဘများသည် သား စိတ်မချမ်းမြေ့သော အလုပ်ဟူသမျှ မလုပ်မိအောင် အထူးဂရုစိုက်၍နေသော်ငြား ထိုကိစ္စကိုကား နေ့စဉ်ရက်ဆက် မဟုတ်သော်ငြား အတင်းဆွဲခေါ်ပြီး ရေချိုးပေးရသည်။

သူသည် ညနေတိုင်းလိုလို ရေကန်နဘေးရှိ ထိုင်ခိုင်ရှည်ပေါ်တွင် သွားထိုင် နေတတ်သည်။ တစ်နေ့ရေကန် ထဲငုံကြည့်တော့ ထူးထူးဆန်းဆန်း ရေမျက်နှာပြင်ပေါ်တွင် သူ့ရုပ်ကို သွားတွေ့လိုက်သည်။ ပထမဆုံးသော သူ့ရုပ်ကို တွေ့လိုက်ချိန်၌ သူပြူံးနေခဲ့သည်ကို မိခင်ဖြစ်သူက နောက်ဘေးမီးဖိုချောင်မှ တစ်ဆင့် လှမ်းမြင်တွေ့လိုက်သည်။ ထိုနေ့က အတော်ကြာကြာ သူ့ရုပ်ကို မြင်ချင်၍ ဖြစ်မည်ထင်သည် ရေကန်ကြီးကို ငုံ့ကြည့်နေခဲ့သည်။ ထိုနေ့မှစ၍ ညနေခင်းတိုင်းလိုလို ရေကန်နဘေး သွားပြီး ရေကန်ကို ငုံ့ကြည့်တတ်ပြီး ရေကန်နဘေးရှိ ထိုင်ခုံရှည်ပေါ်မှာ ထိုင်ထိုင်နေတတ်သည်...။

သူပထမဆုံး သူ့ရုပ်ကို သူမြင်လိုက်ရသော နေ့က ထင်သည် မပီဝိုးတဝါး သူ့ရုပ်ကို မှန်းပြီး ရေးဆွဲထားသော ပန်းချီကားလေးကို မိဘများက ဘောင်သွင်း ပေးထားသည်။ မှတ်မှတ်ရရ ပြောရလျှင် သူ့ရုပ်၏ မပီဝိုးတဝါး ထိုပန်းချီ ကားလေးကို နံနက်အိပ်ယာထတိုင်း မျက်နှာ မသစ်ခင် ကြည့်ကြည့် နေတတ်သည်။ ထိုကိစ္စသည်ပင် သူ၏ နေ့စဉ်ဝတရားတစ်ခု ဖြစ်နေခဲ့လေသည်။

သူသည် သူ့ရုပ်ကို ဆာလောင်နေသည်။ ရေထဲ၌မြင်ရသော သူရုပ်၏ ဝိုးတဝါး ပုံရိပ်ကို ထင်းထင်း လင်းလင်း တွေ့ချင်နေခဲ့သည်။ ထိုနေ့မှစ၍ သူရုပ်၏ ပုံရိပ်မျိုးစုံကို ရေပေါ်မှာ မြင်ခဲ့သည့်အတိုင်း ရေးဆွဲနေခဲ့သည်။ တစ်ခါတလေမှာ ရေနံဆီမီးခွက်လေးဖြင့် အတော်ညဥ့်နက်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။ မိဘများက အိပ်ခိုင်းလျှင်တော့ မငြင်းဆန်ဘဲ မအိပ်ချင်ဘဲ အိပ်ခဲ့ရလေသည်။ ရေးဆွဲစ ပန်းချီကားလေး ရှိတဲ့ ဗလာစာအုပ်လေးကို ရင်ဘတ်ပေါ်တင်ပြီး ထိုနေ့ညကို မအိပ်ချင်ဘဲ အိပ်ခဲ့ရခြင်း ဖြစ်လေသည်။ နံနက်အိပ်ယာလျှင်တော့ ပုံမှန်လုပ်နေကျဖြစ်တဲ့ သူပထမ ဆုံးရေးဆွဲထားတဲ့ ပန်းချီကားလေးကိုတော့ ကြည့်စမြဲ။

သူသည်ဆာလောင်မှု သင်္ကေတဟု ယူဆရသော သူ့ပုံလေးကို ရေးဆွဲထားသည်။ ထိုပုံကား ပါးစပ်ကို လက်ဝါးနှစ်ခု ကာရံပြီး ဟစ်အော်သံ ပန်းချီကားဖြစ်သည်။ မွန့်(ခ်ျ)၏ အော်သံ ပန်းချီကားနှင့် အနည်းငယ် တူသည်။ သို့သော် ထိုပန်းချီကားကို သူလုံးဝ မတွေ့ဘူးချေ။ သူသည် မွန့်(ခ်ျ)ကိုလည်း သိသူ မဟုတ်။ မွန့်(ခ်ျ)၏ ထိုပန်းချီကား ရှိမည်ကိုလည်း သိမည် မဟုတ်ပေ။ သူဘာကို ဆာလောင်နေတာလည်း။ သူဘာကို တောင်းတ နေတာလည်း။ သူဘာကို လိုချင်နေတာလည်း။

အပြင်လူများက မှန်းဆ၍သာ သိနေကြခြင်းဖြစ်သည်။ သူ၏ အမှန်ဆာလောင် နေတာတွေကို သိချင်ကြသည်။ မှန်းဆ ၍သိနေခြင်းဖြင့် သူ၏အမှန်တကယ် ဆာလောင်မှုကို သိလိမ့်မည်မဟုတ်ပေ။


ကြေကွဲစရာကောင်းသော သူ့အဖြစ်ကို ဘယ်လို ကုစားပေးနိုင်ကြမလဲ။ ဘယ်နတ်ဒေဝါ တွေက ကူညီပေးနိုင်မှာလဲ။ မိခင်ဖြစ်သူသည် သားငယ်ကို ချစ်ဇောဖြင့် နေ့စဉ်ရက်ဆက် ဆုတောင်းမှု အမျိုးမျိုး၊ ကူညီမည့်သူကို မျှော်နေရသည်က အမော။ သားငယ်ကို ချစ်စိတ်ဖြင့် နောက်ထပ် ကလေးငယ်ကို မယူနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ နောက်ထပ် ကလေးထပ်ယူမိလျှင် သူ့ကို ချစ်တဲ့စိတ်တွေ ပေါ့သွားမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ မိခင်၏ အတုမဲ့ မေတ္တာတို့သည် သားငယ်လေး အပေါ်၌ လွှမ်းခြုံ နေခဲ့ခြင်း ဖြစ်သည်။

သူ့အဖေသည် အပြင်းအထန် ဖျားပြီး သေသွားသည်။ သူ့အဖေ၏ အလောင်းကို တစ်ခါဘဲ သွားကြည့်လိုက်သည်။ မျက်ရည် တစ်စက်မှ မထွက်။ သူ့အမေကတော့ ''သားငယ်ကို ချစ်လွန်း လှပါတယ်ဆိုတဲ့ ကိုရင်တာ ရှင့်သားလေးကို ပစ်သွားပြီလား'' စသော အငိုမျိုးစုံဖြင့် ဟစ်အော် ငိုကြွေး နေသော်ငြား သူကတော့ နေနိုင်လွန်းသူဟု ဆိုရမလောက်ပင် တုတ်တုတ်မျှ မလှုပ်။ သူ့အဖေ၏ နောက်ဆုံး အသုဘ လိုက်ပို့ခဲ့စဉ်က ရွာသူ ရွာသားများစွာ လိုက်ပို့ဖြစ်ကြသည် သူ့အမေက လိုက်ခဲ့ဖို့ အတင်းခေါ်သည် သူအတင်း ငြင်းပယ်နေခဲ့သည်။ သူဘာကြောင့် လိုက်မပို့ချင်ရတာလည်းဟူသော အတွေးဖြင့် တော်တော်လေး ဝမ်းနည်းသွားသည်။ သူ့အဖေက ချစ်သလောက် သူက ဘာဖြစ်လို့ သူ့အဖေရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ချင်ရတာလည်းဟူသော အတွေးဖြင့် သူ့အမေသည် သူ့အဖေသာသိလျှင် ဘယ်လောက် စိတ်မကောင်း ဖြစ်ရှာမလဲတွေးပြီး ပူးဆွေးလျှက် ငိုကြွေးခဲ့ရပြန်သည်။ သို့သော် သားငယ်ကိုကား အပြစ် မတင်ရက်ချေ။ သူသည် သူ့အမေ အကြီးအကျယ် ငိုကြွေးသော်လည်း တုတ်တုတ်မျှ မလှုပ်။ သူ့၏ ဆာလောင်မှုဟု ယူဆရသော ပန်းချီကားကိုသာ တွေတွေကြီး ထိုင်ငေး ကြည့်လျှက်နေခဲ့သည်။ သူဘာကို ဆာလောင်ပြန်ပြီလဲ။

မိုးများ အဆက်မပြတ် ရွာသွန်းနေခဲ့သည်။ မိုးရေစက်တွေအောက် ထီးဆောင်းလျှက် သူ၏ နေ့စဉ် ဝတ္တရားဖြစ်တဲ့ ညနေ လုပ်ငန်းစဉ်ကိုတော့ မပြတ် လုပ်နေခဲ့သည်။ အမေဖြစ်သူက ပထမတော့ တားသေးသည် မရ၍။ နောက်ပြီး သားငယ်စိတ်ဆင်းရဲမှာ စိုးတာကြောင့် မတားဘဲ ထားလိုက်သည်။ မီးဖိုချောင် နောက်ဘေးကနေသာ ငေးငိုင်လျှက် ကြည့်နေခဲ့ရသည်။ သူ ရေကန်ကို ငုံ့ကြည့်သည်။ သူ့ပုံသည် မိုးရေပေါက်များ အဆက်မပြတ် ရွာသွန်းနေတာကြောင့် လုံးဝ မတွေ့ခဲ့ပေ။ သူ အတော်ကြာကြာ ငုံ့ကြည့် နေခဲ့သည်။ နောက်ပြီး ထိုင်နေကျဖြစ်သော ထိုင်ခုံပေါ်မှာ ခဏ ထိုင်လိုက်သေးသည်။ ခဏနေမှ သူ့အခန်း ရှိရာသို့ ငေးငိုင်စွာ ပြန်လာခဲ့သည်။ ဒီလို ရက်တွေကလည်း မရေတွက်နိုင်တော့ပေ။ အဖေ မရှိတော့တဲ့ ဒီသားလေးကို မိခင်ဖြစ်သူသည် ဘာမှ စိတ်ဆင်းရဲစရာ မလုပ်ချင်တာနဲ့ စိတ်ချမ်းသာရင်ပြီးရောဆိုပြီး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မကြိုက်သော်လည်း လွှတ်ထား ပေးလိုက်သည်သာ။

အမ ဖြစ်သူသည် အိမ်မှထွက်သော ဟင်းသီး ဟင်းရွက်များကို ခူးဆွတ်ပြီး နံနက် မိုးလင်းတာနဲ့ ရွာထဲသို့သွားပြီး ဈေးရောင်း နေခဲ့ရသည်။ ဒါလေးနဲ့ပဲ မိသားစု စားဝတ်နေရေးကို ထိမ်းထားခဲ့ရသည်။ တော အလုပ်တွေကလည်း ဖခင် မရှိတော့ လူငှါးဖြင့်သာ လုပ်နေရသည်။ ထိုနေ့က သူမ ဈေးထဲမှ မှန်လေးတစ်ချပ် ဝယ်လာခဲ့သည်။ ထူးထူးဆန်းဆန်းဟု ပြောစရာ သူမတို့ အိမ်မှာ သူ့မအခန်းထဲရှိ မှန်သေးသေးလေး တစ်ချပ်သာ ရှိသည်။ ဘယ်သူကမှလည်း သူမ အခန်းထဲကို ဝင်လေ့ မရှိ။ မောင်ဖြစ်သူသည် မှတ်မှတ်ရရ ပြောရလျှင် သူမအခန်းထဲကို တစ်ခါမှ ဝင်ခဲ့ဘူးသည်ကို မတွေ့ခဲ့မိချေ။ သူသည် စပ်စု တတ်သည်မဟုတ်။ သူနဲ့ မဆိုင်လျှင် ဘာကိုမှ စိတ်ဝင်တစား လေ့လာတာ၊ ကြည့်ရှုတာတို့ မလုပ်တတ်ချေ။ ဒါကလည်း သူ၏ မွေးရာပါ လက္ခဏာ တစ်ခုပင် ဖြစ်နေလေသည်။

သူ ပျော်နေသည်။ သူ ဒီလောက် ပျော်ရွင်နေခဲ့သည်ကို တစ်ခါမှ သတိ မထားမိခဲ့ချေ။ သူပျော်လျှင် တစ်မိသားစုလုံး ပျော်သည်။ သူ စိတ်ညစ်လျှင် အားလုံး စိတ်ညစ်ကြရသည်။ သို့်အတွက် သူစိတ်ညစ်မှာ၊ သူ စိတ်ဆင်းရဲမှာကို ဘယ်သူမှ အလို မရှိ။ သူစိတ်ချမ်းသာရေးကိုသာ အမြဲ သတိထား လုပ်ပေးနေရသည်။ ထိုနေ့ကလည်း သူ့လုပ်ငန်းဖြစ်တဲ့ နေ့စဉ်ဝတ္တရား မပျက် ညနေ ရေကန်ဘေး သွားတာကို လုပ်ခဲ့သည်။ အမေ ဖြစ်သူကလည်း ကြာလာတော့ ရိုးသွားသည်။ သူ လုပ်နေကျဆိုတော့ ခပ်အေးအေးပင် နေလိုက်သည်။

သူ ရေကန်ထဲ ဆင်းသွားသည်။ အောက်ကို ငုံ့ပြီးစမ်းနေသည်။ ဘာကို ရှာနေသည်ကို မသိ။ သူသာလျှင် သိမည်။ ပျောက်ဆုံးသွားသော သူ့ရုပ်ကို ရှာနေခဲ့သည်လား။ တော်တော် ကြာသွားသည်။ သူ ကန်ထဲမှာ ဆက်ရှိနေဆဲ။ မိခင်ဖြစ်သူသည် စိုးရိမ်တကြီင်္းဖြင့် ရေကန်ဘက် လိုက်သွားသည်။ သူ့ကို ရေကန်ထဲမှာ တွေ့လိုက်ရသည်။ သို့သော် သူ လဲကျနေခဲ့သည်။ သူ ဘာကို ရှာတာလည်း။ သူ ဘာဖြစ်လို့ တစ်ခါမှ မဆင်းခဲ့ဘူးတဲ့ ရေကန်ထဲ ဆင်းခဲ့ရတာလည်း။ သူ တွေ့သွားပြီလား။ အတွေးများစွာဖြင့် မိခင်ဖြစ်သူသည် တွေးပူရင် အော်ဟစ် ငိုကြွေးနေခဲ့သည်။

သူ့ အိပ်ယာအောက်၌ နောက်ဆုံး ရေးဆွဲထားခဲ့သော သူ၏ ပြီပြင် သန့်ရှင်း ကြည်လင်နေသော ရုပ်ပုံလွှာ။ နောက် သူ့အမ ဈေးကဝယ်ထားခဲ့သော မှန်၏ အနုစိတ် ခြယ်သထားသော မှန် ပန်းချီကား။ ဘာမှန်း မသိသော အက္ခရာ စာလုံးဖြင့် ရေးခြစ် ထားခြင်းဖြစ်သည်။ ထိုစာဟု ယူဆရသော သင်္ကေတများကို သူသာလျှင်….။

မောင်မင်းစိုး

Photo Credit by Google

1 comment:

Banyarshein said...

အင်း သူဘာကိုလိုချင်နေပါလိမ့် ဟုတ်တယ် မှန်းဆလို့ မသိနိုင်ဘူး သူ့မိဘတောင် သိနိင်မယ်မထင်ဘူး . . .
ကောင်းလိုက်တဲ့ ပို့စ်လေးပါပဲ . . . အကြောင်းအရာ သိပ်မရှိပေမဲ့ တကယ်စာဖတ်သူကို ဆွဲဆောင်သွားနိုင်ပါတယ်ဗျာ