Sunday, August 30, 2009

အဖေ့မြေပုံပေါ်ကျခဲ့တဲ့ မျက်ရည်စတွေ


အမေသေတုန်းက ကိုရင်ငယ်ဘဝ။ ရင့်ကျက်မှုသို့ အခြေပျိုးစအချိန်။ ဘုရားပွဲမှရ သောငွေ(၈ဝ)ဖြင့် အိပ်ယာထဲ ပက်လက်မြောနေတဲ့ အမေ့အတွက် ဆေးဖိုး။ သေသွားတော့ အမေ့အိပ်ယာအောက် အဝတ်စလေးဖြင့် ပတ်ထားတာတွေ့ ခဲ့ရတယ်။ နားခိုရာ ခက်မအစုံ အလင် ပြည့်ဝနေတဲ့ သစ်ပင်ကြီးတစ်ပင် လဲပြိုသွားခြင်း။ ရွှေတောင်ကြီး ပြိုလဲကျခြင်း။ အမေ့ရဲ့ နူးညံ့ပျော့ပြောင်းတဲ့ စိတ်ဓာတ်တွေကိုပဲ အမွေရလိုက်တယ်။ အမေသေပြီ။ မျက်ရည်တစ်ပေါက်မှ ထွက်မလာခဲ့ခြင်းဟာ အမေ့ကို နောက်ဆုံးဂုဏ်ပြုခြင်း ပဲပေါ့။ အမေတစ်သက်တာ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဈေးတောင်းရွက်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ဈေးရောင်းပြန်လာသော မြင်ကွင်း၊ဆီးကြိုခဲ့ရတဲ့ ပုံရိပ်တွေဟာ အခုတော့ ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘဲ ကွယ်ပျောက်ခဲ့ပါပြီ။

ဖူးသစ်စ ပင်ပျိုလေးများ ခိုနားရာမဲ့လို့။ အဖေ့ရဲ့လက်မှု အတတ်လေးနဲ့ မိသားစုတွေ ဆက်လက်ကြီးပြင်းလာခဲ့တယ်။ ရွာရိုးကိုးပေါက် ပြေးလွှားဆော့ ကစားရင်း အဘွားကြွေးတဲ့ ထန်းလျက်နဲ့ထမင်းကို ရောထွေးပြီး မြိန်ရေယှက်ရေ စားသောက်တတ်လာခဲ့တယ်။ အမေတွေမြင်တိုင်း လွမ်းနာကျလို့။ အမေဆိုတဲ့ခေါ်သံတွေကြားတိုင်း ဝမ်းနည်းခဲ့ရတယ်။ သားတို့ရုပ်ရည် သီတာမည်သားဆိုတာဖြစ်ခဲ့လေသလား။ အမေပြန်လာတိုင်း ပြုံးချိုနေတဲ့ မျက်နှာလေးနဲ့ သားတို့ဆီးကြိုနေတဲ့ ပုံရိပ်တွေကို ဝမ်းသာအားရဖြစ်ပြီး ဈေးတောင်းထဲ ပါလာတဲ့ သားရေစာများစုံနဲ့ နေ့စဉ်တမ်းတမျှော်ငေးရင်း လူဘဝကို ကြင်လည် လာခဲ့ရတယ်။ အမေ့ရဲ့မေတ္တာတွေဟာ အခုထိသားတို့ရင်ထဲ စီးဆင်းနေခဲ့တယ်။

ဒီလိုနဲ့ မိသားစု အသိုက်မြုံထဲကနေထွက်လာခဲ့ပြီး။ မြို့ကြီးပြကြီးမှာ ယောင်လည် လည်နဲ့ ကျင်လည်နေခဲ့တယ်။ နို့စို့အရွယ် ညီမလေးနဲ့ဝေးရာ။ ညဘက်ဆိုရင် ရွာဦးကျောင်းက ကြေးစည်သံနဲ့ ဆည်းလည်းသံတွေကို လွမ်းတတ်လာခဲ့တယ်။ ဝလုံးလေးဝိုင်းအောင် ရေးတတ်လာခဲ့တယ်။ ဆာလောင်နေတဲ့ အသံမျိုးစုံးကို ကြားတတ်လာခဲ့တယ်။ ရွာဦးကျောင်းက အရှေ့ အုဋ်တံတိုင်းပေါ်ကနေ ထန်းတောလေးတွေကို ငေးမောကြည့်တတ်ခဲ့ တဲ့ ပုံရိပ်လေးတွေကို လွမ်းတတ်လာခဲ့တယ်။

မြို့ကိုစရောက်တော့ တစ်ပတ်လောက်နေမထိ ထိုင်မသာ။ အိမ်လွမ်းစိတ်နဲ့ ရွာလွမ်း စိတ်။ နောက် အမေ့ရဲ့ မွှေးမြမြ အနမ်းလေးတွေကို ပြန်လည်ပြီး ဆာလောင်လာခဲ့တယ်။ အဖေ့ရဲ့ မူးလာပြီးပြန်အလာ အော်ဟစ်သံတွေကို နေ့စဉ်လိုလို ကြားရောင်းနေခဲ့တယ်။ လွမ်းရင်းကျခဲ့တဲ့မျက်ရည်စတွေ။ အတောင်လေး စုံခါနီး လောကကြီးထဲ ကျင်လည်ဖို့စတင် မပျံသန်း ခင်မှာဘဲ အဖေနဲ့ ဝေးရပြန်ပြီ။ အဖေရဲ့ကိုယ်ပိုင် လက်မှုအတတ်တွေနဲ့ ဝေးရပြန်ပြီ။ ဒါပေမယ့် ဘယ်လောက် ရင်နာစရာ ကောင်းသလည်းဆိုတော့ အဖေသေကြောင်းသိရတော့ အဖေ့ရဲ့ ရုပ်အလောင်းဟာ မြေကြီးထဲရောက်နေခဲ့ပြီ။

အဖေသေတာ မသိဘူး။ အဖေသေတော့ ငါ့ကိုဘယ်သူမှအကြောင်းမကြားခဲ့ဘူး။ စာကျက်ပျက်မှာစိုးလို့ဆိုတဲ့ စကား လုံးလေးနဲ့ ငါ့ကိုနှစ်သိမ့်ခဲ့ကြတယ်။ သူတို့ကတော့ ဒီစကားလေးကို လက်ကိုင်းရင်း ငါ့ကိုခပ်အေးအေးပဲ တုန့်ပြန်ခဲ့ကြတယ်။ ဒီမှာ ဘယ်လောက်ပူ လောင်နေခဲ့တယ်ဆိုတာ သူတို့မှ မသိခဲ့ကြတာ။ တကယ့်တော့ အဖေ့ရဲ့နောက်ဆုံး အချိန်လောက် အရေး ကြီးအရာဟာ လောကမှာ ဘာရှိသေးလည်း။ အဖေ့ရဲ့ ပုခုံးပေါ်ခွစီးခဲ့တဲ့ ကလေးဘဝပုံရိပ်တွေကို မြင်ရောင်ရင်း မျက်ရည်တွေ စီးဆင်းလာခဲ့တယ်။ ပြောင်းဖူး ဖက်တွေကို ရေစိမ်ရင်း အဖေတီထွင်ခဲ့တဲ့ ဖင်စီကန်လိပ်တဲ့ စက်ကလေးရဲ့ '' တဂျောင်း.. ဂျောင်း'' မည်သံများ အဆက်မပြတ်ကြားနေခဲ့ရင်း ငိုရှိုက်ခဲ့ရတဲ့ နာကျင်မှုတွေ။

လူသူအရောက်နည်းပါးတဲ့ ရွာနဲ့ခပ်လှမ်းလှမ်း သုဿာန်ကိုလျှောက်တော့ အတွေးများ ဖြင့်လေးလံနေခဲ့တယ်။ ကိုယ်ကိုယ် မနည်းထိမ်းပြီး လျှောက်ခဲ့တယ်။ ဘဝတွေ၊ ခန္ဓာတွေ သုဿာန်နဲ့အပြည့်၊ ကိုယ်ကျင့်တရားတွေ၊ စည်းကမ်းတွေ၊ သမိုင်းစာတွေအပြည့်။ ကိုယ့်သ မိုင်း ကိုယ်ရေးသွားခဲ့ကြရင်း မြေပုံတွေ၊ ကမ္ပည်း တွေထိုးခဲ့လို့၊ နောက်ဆုံးသမိုင်း စာမျက်နှာ တွေ စိုက်ထူခဲ့ကြတယ်။

အဖေ့မြေပုံပေါ် လွှမ်းခြုံထားတဲ့ ဆူးခက်တွေကို ခဏဘေးဖယ်ထားလိုက်ရင်း မြေပုံရှေ့ ဒူးထောက်လိုက်ရင်း ဝတ်ပြုလိုက်တယ်။ ဘာအတွက် ကျမှန်းမသိတဲ့ မျက်ရည်စတွေ မြေပုံပေါ်သို့ စီးကျနေခဲ့တယ်။ အဖေ့မြေပုံနဲ့ ခပ်လှမ်းလှမ်းမှာတော့ အမေ့မြေပုံ။ အမေ့မြေပုံ မှာတော့ ခုနှစ်၊ ရက်၊ လ၊ နေ့ နာမည်တွေ ရေးထိုးထားခဲ့တယ်။ အထိမ်းအမှတ် ကျောက်စာတိုင်းလေး စိုက်ထူထားခဲ့ကြတယ်။ အမေ့ပြေပုံကိုလည်း ဝတ်ပြုလိုက်ရင်း ငေးမောနေခဲ့တယ်။ ထူးဆန်းမှုတစ်ခုကတော့ အဖေသေတဲ့အကြောင်းနဲ့ အဖေ့မြေပုံကို ဝတ်ပြုတဲ့အခါ မျက်ရည်စတွေ ကျခဲ့ပေမယ့်။ အမေသေစဉ်အခါမှာနဲ့ အမေ့မြေပုံ ဝတ်ပြုတဲ့အခါတွေမှာ ဘာကြောင့် မှန်းတော့မသိ မျက်ရည်တွေ မကျခဲ့ပေ။ အမေ့ရဲ့ နောက်ဆုံးဈာပနကနေ ဒီသုဿာန်ကြီးနဲ့ ဝေးခဲ့ရတယ်။ အခုမှ ပြန်ရောက်ခဲ့တယ်။ အသက် တွေ နှုတ်ယူခဲ့တဲ့ သုဿာန်ကြီးရဲ့ ခါးသီးတဲ့အရသာတွေ ခံစားခဲ့ရင်း အိမ်ကိုပြန်လာခဲ့တယ်။ အတွေးများနှင့် ဦးခေါင်းတစ်ခုလုံး ထူပူနေခဲ့ရင်း ကလေးငယ်ဘဝက ပုံရိပ်တွေ တန်းစီဆိုသလို မြင်ရောင်နေခဲ့တယ်။ ဒီပုံရိပ်တွေ ထမ်းပိုးပြီး ပြန်လာခဲ့လို့လားတော့မသိ တစ်ကိုယ်လုံးလည်း လေးလံနေခဲ့တယ်။

'' မင်းအဖေသေပြီ'' ဆိုတဲ့ အသံကိုကြားခဲ့ရတဲ့နေ့က တစ်လလောက် အဖေဟာ မြေကြီးထဲမှာရောက်နေခဲ့ပါပြီ။ ဘာတွေကမှ ဖွဲ့စည်းပြီး ချည်နှောင်မထားနိုင်ခဲ့ဘူး။ အဖေဆိုတဲ့ အသံနဲ့ မျက်ရည်တွေ တဖြိုင်းဖြိုင်းစီးကျနေခဲ့တယ်။ ဘာကမှလည်း တားမြစ်လို့မရခဲ့ဘူး။ ဒါကြောင့် ရွာကိုပြန်ဖို့ အိတ်ကိုပြင်ဆင်လိုက်တယ်။ ရတဲ့ကားကို ခြားခုံနဲ့ မုံရွာကို ထွက်လာ ခဲ့တယ်။ တစ်လဆိုတာ ဒီနေ့ပဲ။ နောက်တစ်ပတ်ဆိုရင်တော့ သူတို့ပြောတဲ့ အရေးကြီးတဲ့ စာမေးပွဲတစ်ခုဖြေရမယ်။ တကယ်ကော ဒါဟာ အဖေရဲ့နောက်ဆုံးနေ့ထက် အရေးကြီးနေ လို့လား။ တကယ်တော့ အဖေ့ရဲ့နောက်ဆုံးနေ့ထက် အရေးကြီးတယ် ဆိုတာ ဘာမှမရှိပါဘူး။ ရွာရောက်တော့ လူတွေ အံ့သြတကြီးနဲ့ စူးရှရှမျက်လုံးတွေနဲ့ ဝိုင်းရံပြီး ရောက်လာခဲ့တယ်။ သူတို့ကိုလည်း ဘာမှအပြစ်တင် စကားပြောမနေခဲ့ပါဘူး။ အဖေနဲ့အမေအတွက် ရည်စူး ကုသိုလ်ပွဲလေးလုပ်ဖြစ်ခဲ့တယ်။ အမျှဝေသံတွေ ညံ့စီနေခဲ့ပေမယ့် ဒီအသံတွေကြား ပါ့မလားတော့မသိဘူး။ ရန်ကုန်ပြန်ရောက်တော့ နောက်နေ့မှာပဲ စာဖြေရတယ်။ အဖေနဲ့ အမေတို့ မြင်ရောင်မသွားတဲ့ ဘွဲ့နှင့်သဘင်ကြီးကို တစ်ယောက်ထဲပဲ သွားယူခဲ့တယ်။ အခြားလူတွေပျော်နိုင်ပေမယ့် ကိုယ့်မှာတော့ အပျော်တွေ ကင်းပျောက်နေခဲ့ပါတယ်။

မှတ်မိသေးတယ်။ လူလားမမြောက်သေးတဲ့ နုနယ်စဉ်အရွယ်တုန်းက။ အဖေလေ အရက်တွေသောက်ပြီး မူးလာရင်း အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက် ရောက်ချင်း အမေ့ကို ရိုက်တော့ ဒဏ်ရာတွေနဲ့အပြည့် နာကျင်တတ်လာခဲ့တယ်။ အဲဒီနေ့ညနေ အမေ့ကို ရိုက်ပြီး အဖေဘယ်ကို ထွက်သွားတယ်မသိဘူး။ လျှော်ပြားလေးကိုင်ပြီး ထန်းပင်အကွယ်ကနေ စောင့်နေခဲ့တယ်။ အဖေပြန်လာတော့ အဲဒီလျှော်ပြားလေးနဲ့ အဖေနောက်ကြောပြင်ကို နောက်ကနေ ရိုက်လာခဲ့တယ်။ အဖေ့ဘာကြောင့်ရိုက်တယ် ဆိုတာသိမှာပါ။ မနာပေမယ့် တုန်ချိနေတဲ့လက်တွေကို ခါယမ်းနေတော့ အဖေ့သားကို သနားသွားပြီ။ ပွေ့ချီရင်းအိမ်ထဲပွေ့ ချီလာခဲ့တယ်။ နူးညံ့တဲ့အတွေ့အထိကို အဖေစတင်ပေးတဲ့နေ့ပေါ့။ ဒီနေ့ကို ဘယ်တော့မှ မေ့ဖျောက်လို့ မရခဲ့ပါဘူး။ အဖေ့ရဲ့ ရင်ထဲကနေ စီးဆင်းလာခဲ့တဲ့ ကျင်နာမှုတွေ လက်ထဲကနေ သားရဲ့နှလုံးသားထဲကို စီးဝင်နေခဲ့တယ်။ ငိုတော့ အဖေရဲ့လက်တွေနဲ့ စီးကျနေတဲ့ မျက်ရည်စီးကြောင်းတွေကို အဖေ သုတ်ပေးခဲ့တယ်။ အခုတော့ ဗွေမယူခဲ့တဲ့အဖေ့ကို သား ဘယ်လိုကျေးဇူး ဆပ်ရပါမလဲ။

တကယ်တော့ အဖေဟာ အရက်သောက်တတ်တာကလွဲလို့ ဘယ်တော့မှ လူမူရေး ဆိုတာတွေကို မလစ်ဟင်းစေခဲ့ပါဘူး။ တာဝန်ကျေခဲ့တယ်။ တိကျတယ်။ ရိုးသားတယ်။ ပြတ်သားတယ်။ ဘာကိုမှ နောက်မဆုတ်တတ်တဲ့အကျင့်တွေရှိတယ်။ အလုပ်မျိုးစုံနဲ့ လူမမယ်ကလေးတွေအတွက် ရုန်းကန်ခဲ့တယ်။ အဖေဟာ အသက်အရွယ်နဲ့မလိုက်အောင် အိုးမင်းရင့်ရော်ခဲ့တယ်။ ညနေညနေ အိမ်ပြန်လမ်းမှာ ဆွဲထူးခဲ့ရပေမယ့် အဖေဟာ စိတ်ဓာတ်တွေ သန့်ရှင်းခဲ့ပါတယ်။ လူမှုရေးဆိုရင် ဘယ်တော့မှ နောက်မကျတတ်ဘူး။ ဒါပေမယ့် အမေ့အသိုင်းအဝိုင်းကလူတွေက အဖေ့ကို ဝိုင်းကျင်ခဲ့တယ်။ တကယ်တော့ အဖေဟာအဖေ နဲ့တူခဲ့ပါတယ်။ အဖေသောက်ခဲ့တဲ့ ဆေးတံရိုးပေါ်က သင်္ကေတတွေဟာ အဖေကိုယ်တိုင်ထွင်းထုခဲ့ပေမယ့် ဘယ်လိုမှ အနက် အဓိပ္ပါယ်တွေ ဖော်လို့မရခဲ့ပါဘူး။

အဖေခေါင်းချခဲ့တဲ့နေရာလေးဟာ အခုတော့ ကျိန်စာသင့်နယ်မြေလို အထီးကျန် ဆန်စွာ မွမ်းကျပ်လို့။ အဖေစိုက်ခဲ့တဲ့ သီးပင်တွေဟာ အခုတော့အခုတ် ခံရပြီ။ ညီမလေးဟာ လမ်းလျောက်တတ်ပါပြီအဖေ။ အဖေမွေးခဲ့တဲ့ ဆိတ်မနှစ်ကောင်ဟာ ညီမလေးရဲ့ ကျေးဇူးရှင်တွေပေါ့။ ဆိတ်နို့တွေသောက်ပြီး ညီမလေး လူဖြစ်လာခဲ့ရပါတယ်။ အခုတော့ လူသားဆန်တဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေနဲ့ ညီမလေးဟာ လမ်းကြောင်းပေါ်ကို တည့်တည့်လျောက်တတ် နေခဲ့ပါပြီ။ ညီမလေးဟာ လူပီသတယ်။ လူမဆန်တဲ့အပြုအမူ တွေကို ရွံ့မုန်းတယ်။ ညီမလေးရဲ့ ပင်ကိုယ်ဖြူစင်ခဲ့တဲ့ စိတ်တွေကို ဘာတွေကမှ အရောင်မဆိုး နိုင်ခဲ့ဘူး။ ညီမလေးရဲ့ ပါးပြင်တွေဟာ ဝင်းပ နေခဲ့ပါတယ်။

အခုတော့ အဖေနောက်ဆုံး နေသွားခဲ့တဲ့ အိမ်ကြီးကို လွမ်းလို့။ မြေလွှာတွေ မကုန်ခမ်းသရွေ့ အဖေ့မြေပုံပေါ်ကျခဲ့တဲ့ မျက်ရည်စတွေဟာ ဘယ်တော့မှ ခြောက်ခမ်းသွားမှာ မဟုတ်ပါဘူး။ ဆွတ်ပြန့် နေခဲ့ဦးမှာပါ။ အဖေထွင်းထုထားခဲ့တဲ့ ဆေးတံရိုးပေါ်က သင်္ကေတ တွေကို သားအလေးနက်စဉ်းစားရင်း အဓိပ္ပါယ်တွေဖော်ဖို့ ကြိုးစားနေခဲ့ပါတယ်။ အဖေနဲ့အမေ ကောင်းရာသုဂတိရောက်ပါစေ။ လူသားဆန်တဲ့လူတွေဟာ တမလွန်မှာတော့ ဘယ်တော့မှ အတိဒုက္ခ ရောက်မှာမဟုတ်ပါဘူး။

(၂၀၀၉-သြဂုတ်-နှလုံးအိမ်မဂ္ဂဇင်း)

မောင်မင်းစိုး

2 comments:

Min Soe said...

တော်တော်ကောင်းတဲ့
အက်ဆေးတစ်ပုဒ်ပါ။
အဲဒါမျိုးလေးတွေ ထပ်မံတင်ပေးပါဦး။

့hnin said...

လာရောက်ဖတ်မှတ်ပါတယ်...။
လူသားဆန်တဲ့လူတွေဟာ တမလွန်မှာတော့ ဘယ်တော့မှ အတိဒုက္ခ ရောက်မှာမဟုတ်ပါဘူး။
ဆိုတဲ့ စကားလေးကို မှတ်သားမိရင်း
လေးစားခင်မင်စွာဖြင့်
နှင်းဟေမာ