Saturday, February 26, 2011

စာရိတ္တမဏ္ဍိုင်


မီဒီယာများကိုပဲ ကျေးဇူး တင်ရမည်လား။ ကဲ့ရဲ့ ရမည်လား။ သတင်းခေတ်ဖြစ်သည့် အားလျော်စွာ လူသားများလုပ်ခဲ့သော လုပ်ရပ်များသည် တဒင်္ဂအတွင်းမှာပင် ကမ္ဘာသို့ပြန်နှံ့သွားနေသည်။ ပေါ်ပြူလာဖြစ်နေသော ဘောလုံးစတားများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာသည်များ၊ အခြားသော အားကစားမျိုးစုံမှ နာမည်ကျော်များ၊ သူတို့၏လုပ်ရပ်များသည် ဒီနေ့ဘာလုပ်သည်၊ ဘယ်လိုသော အရှုပ်တော်ပုံများဖြင့် သတင်းထွက်နေသည်စသဖြင့် နောက်နေ့ ကမ္ဘာ့မီဒီယာများ၏ ခေါင်းကြီးစာမျက်နှာပေါ်သို့ ခုန်ပြန်တက်ရောက်လာနေခဲ့သည်။ အထူးအားဖြင့် စတားများ၏ နာမည်ဆိုးများသည် တဒင်္ဂအတွင်း မှာပင် ကျော်မကောင်း၊ ကြားမကောင်းအောင် ထွက်ပေါ်လာတတ်သည်။ ကိုယ့်ကျင့်သိက္ခာဖြင့် တည်ဆောက်ထားသော လူ့အဖွဲ့စည်း သည် ကိုယ်ကျင့်သိက္ခာကို အလေးတမူ ထားတတ်ကြသည်။ ထိုမှ အပုပ်နံများ လျှံကျလာသည်နှင့်အမျှ အဆိုပါ လူ့အဖွဲ့စည်း၏ သားကောင်များသည်လည်းကောင်း၊ မုဆိုးများသည်လည်းကောင်း၊ မီဒီယာသမားအတွက် လက်ဦးမှုတစ်ခုသို့ ကူးပြောင်းကာ ကမ္ဘာ့စာမျက်နှာများပေါ်သို့ တခဏအတွင်းမှာပင် ကူးစက်ထင်ပေါ်လာတော့သည်။

ကိုယ့်ကျင့်သိက္ခာကို လူသားများအနေဖြင့် တန်ဖိုးထားတတ်သည်။ အကျင့်သီလကောင်းသူကို အားလုံးက လေးစား၊ ယုံကြည်ကြသည်။ ချစ်ခင်ကြသည်။ ကြည်ညိုကြသည်။ လူတစ်ယောက်၏တန်ဖိုးကိုလည်း အဆိုပါကိုယ်ကျင့်သီလဖြင့်ပင် တိုင်းတာ တတ်ကြသည်။ အောင်မြင်ကျော်ကြားသူများအနေဖြင့် တော်တော်လေးလိုက်နာကြရသည်။ အကယ်၍ မလိုက်နာလျှင်တော့ ထိုပုဂ္ဂိုလ်၏ အပုပ်နံ့သည် တဒင်္ဂအတွင်းမှာပင် ပြန့်နှံ့လာခဲ့တော့သည်။ မန်ချက်စတာယူနိုက်တက်စတားလေး ဝိန်းရွန်နီ၏ မကြာခင်အချိန်က အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းဆိုးများ၊ ထို့အတူ ချဲလ်ဆီအသင်းမှ အက်ရှ်လေကိုး၊ ဂေါက်သီး အကျော်အမော် တိုက်ဂါးဝုတ်စသောနာမည်ကျော်များသည်၊ အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် နာမည်ဆိုးနှင့် ကျော်ခဲ့သည်။ အိမ်ဖြူတော် အရှုပ်တော်ပုံဖြင့် သမ္မတဟောင်းကလင်တန်၏ လုပ်ရပ်များသည်လည်း ထို့အတူပင်။ ဟုတ်တော့ကျော်၊ ပုပ်တော့ ပေါ် ဆိုသလို နာမည်ဆိုးဖြင့် ကမ္ဘာ့စာမျက်နှာအစုံသို့ တက်ရောက်ခဲ့ဘူးသည်။ မရိုးသော ပစ်မှုပေါင်းစုံဖြင့် ပဲရစ်ဟီတန်သည်လည်း ကမ္ဘာ့မီဒီယာသမားများ၏ ဖော်ထုတ်မှုဖြင့် နာမည်ဆိုးနှင့် ကျော်ကြားခဲ့ပြန်သည်။

တဟုန်ထိုးဆိုသလို ရုပ်ဝတ္ထုများသည် ယနေ့သည် မနေ့ကနှင့်မတူအောင်၊ မနက်ဖြန်သည် ယနေ့နှင့်မတူအောင် အဆမတန် တိုးတက်ပြောင်းလဲနေခဲ့သည်။ ပြောင်းလဲသည့်အလျောက်လည်း မှီအောင်လိုက်နေကြသည်။ သို့သော် ကိုယ့်ကျင့်တရား၊ အကျင့်သိက္ခာ၊ စိတ်ဓာတ်များသည်ကား တအိအိဆိုသလို ပြိုဆင်းနေခဲ့သည်။ ဘာသာအသီးသီးသည် သီလကိုအလေးထားသည်၊ ထို့အတူ လူမျိုးအသီးသီး၊ နိုင်ငံအသီးသီးသည်လည်း ကိုယ်ကျင့်သိက္ခာဆိုတဲ့ သီလကို အလေးထားသည်။ တန်ဖိုးထားသည်။ ဖြူစင်မြင့်မြတ်သော နှလုံးသားဖြင့် လောကကြီးကို ကယ်တင်ရန်လိုအပ်သည်။ လောကကြီးသည် ထိုကဲ့သို့သော လူမျိုးများကိုသာ မျှော်လင့်နေခဲ့သည်။ လူတစ်ယောက်၏ တန်ဖိုးကို တိုင်းတာရာဝယ်၊ စိတ်ထားဖြူစင်မှု၊ ကိုယ်ကျင့်သိက္ခာကောင်းမှု၊ စာနာ နားလည်မှု၊ အပြန်အလှန်လေးစားယုံကြည်မှု စသောတန်ဖိုးများဖြင့် တိုင်းတာတတ်ကြသည်။ အသက်ကို ပဓာနမထားဘဲ ကိုယ်ကျင့်သိက္ခာကို စောင့်စည်းခဲ့သော ဖြစ်ရပ်မျိုးစုံကိုလည်း ကြားဖူးကောင်း ကြားဖူးပေလိမ့်မည်။ အမှန်တရားကို ထုတ်ဖော်ရမည်ဆိုလျှင် ကိုယ့်အတွက် အကျိုးရှိမည်၊ ကိုယ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့လူများ ကောင်းစားမည်ဆိုလျှင် အများက သူတော်ကောင်းလို့ သမုတ်ထားတဲ့ လူတွေပင် မိမိ၏ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းရန် ခက်ကြသည်။

လောကဝေါဟာရအရ ပြောဆိုနေသော စကားတစ်ခွန်းရှိသည်။ လောကမှာ သူတော်ကောင်း၊ လူယုတ်မာဆိုပြီး လူတွေကို သတ်မှတ်ကြသည်။ ခေါ်ဝေါ်သုံးစွဲကြသည်။ အချို့အနေဖြင့် လူလိမ်မာ၊ လူမိုက်ဟုလည်း ခေါ်ဝေါ်တတ်ကြသည်။ သို့အတွက် အဘယ်လူကို လူလိမ်မာ၊ သူတော်ကောင်းဟု သမုတ်မည်နည်း။ အဘယ်လူကို လူမိုက်၊ လူယုတ်မာဟု ခေါ်ဝေါ်ကြမည်နည်း။ တစ်ခါတလေမှာတော့ လူသားများသည် အပြင်သဏ္ဍာန်ကို ကိုးကွယ်တတ်သည်။ အထင်ကြီးတတ်သည်။ လေးစားတတ်ကြသည်။ သတ်မှတ်ချက်များကိုလည်း အပြင်ပုံပန်းသဏ္ဍာန်ဖြင့်သာ တိုင်းတာတတ်ကြသည်။ အမှန်အားဖြင့် အထက်ပါ သတ်မှတ်ချက်၊ သမုတ်ချက်၊ ခေါ်ဝေါ်ချက်များကို၊ ရာထူးဂုဏ်သိန်အားဖြင့် ကြီးမားနေသော လူကိုသော်လည်းကောင်း၊ စည်းစိမ်ဥစ္စာ အဆမတန်ြ<ွကယ်ဝချမ်းသာသူကိုသော်လည်း၊ အသိပညာ၊ အတတ်ပညာအားဖြင့် ရှေ့တန်းရောက်နေသူကိုသော်လည်း သတ်မှတ်ချက်ချ တတ်ကြခြင်းသည် မဟာအမှားပင်ဖြစ်သည်။ သူတော်ကောင်း၊ လူယုတ်မာဆိုသည်မှာ အထက်ပါကိစ္စရပ်များဖြင့် တိုင်းတာရမည် မဟုတ်၊ ကိုယ်ကျင့်သိက္ခာဖြင့်သာ တိုင်းတာကြရမည်ဖြစ်သည်။ လူတစ်ယောက်သည် အထက်ကပြောခဲ့သော၊ ရာထူးဂုဏ်သိန်၊ စည်းစိမ်၊ ဥစ္စာ၊ ပါဝါအာဏာ၊ အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် ထိုကဲ့သို့သော လူမျိုးသည် ကိုယ်ကျင့် သိက္ခာအားဖြင့် မကောင်းဟုထင်မြင်သည်ရှိသော် အဆိုပါပုဂ္ဂိုလ်မျိုးကို လူယုတ်မာဟုပင် သတ်မှတ်ရမည်ဖြစ်သည်။

သီလပါရမီအခန်းကို လေ့လာကြည့်မြင်ဆိုလျှင် မိမိ၏ ဖြစ်တည်မှုအနေအထား၊ ရပ်တည်မှုအခြေအနေအားဖြင့် မြင့်မားသွား သည်သော်လည်းကောင်း၊ ဆုတ်ယုတ်ပျက်စီး နိမ့်ကျသွားလျှင်သော်လည်းကောင်း၊ ဘာကိုမျှ တုန်လှုပ်ချောက်ချားမှုမရှိဘဲ၊ မိမိ၏ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းနိုင်ခြင်းဟာ သီလပါရမီလို့ ခေါ်ဝေါ်ကြသည်။ ပါရမီမြောက်မှု၊ မမြောက်မှုကို ဦးစားပေး မပြောလိုပေ။ သို့သော် လူသားတိုင်းအနေဖြင့် ဗုဒ္ဓမိန့်မှာခဲ့သလို ငါးပါးသီလလောက်သာ လုံခြုံမှုရှိကြမည်ဆိုလျှင်၊ ဘဝများစွာသည် မြင့်မား လာပေလိမ့်မည်။ တောက်ပလာပေလိမ့်မည်။ ငြိမ်းချမ်းမှုဆီသို့ ဦးတည်သွားနိုင်ပေလိမ့်မည်။ သီလဟုခေါ်သော ကိုယ်ကျင့်တရား များဖြင့် ထုံးမွှမ်းထားသော လူ့ဘဝကြီးသည် အမျိုးမျိုးသော အန္တရာယ်များကျရောက်မှုမှ ကင်းဝေးနိုင်ပေလိမ့်မည်။

ကိုယ်ကျင့်သီလ ယိုယွင်းမှုများဖြင့် တည်ဆောက်ထားသော အဖွဲ့အစည်းဟူသမျှသည် တစ်နေ့ပျက်စီးမှုဆီသို့ ဦးတည်မြဲ ဦးတည်နေတတ်သည်။ ကိုယ့်ကျင့်သီလအားဖြင့် မှေးမှိန်နေသော လူသားများ၏ လုပ်ရပ်များသည်လည်း တဖြည်းဖြည်း ဆိုသလို မှေးမှိန်လာတတ်သည်။ ပညာတတ်တစ်ယောက်ဟု သမုတ်ထားသော်လည်း အဆိုပါပုဂ္ဂိုလ်သည် ကိုယ်ကျင့်တရားများ၊ ဘက်လိုက်မှုများ၊ အဂတိများစွာဖြင့် မိမိတတ်ထားသော ပညာကိုသာ ဗန်းပြလျက် ထိပ်ရောက်နေသော်လည်း ထိုပုဂ္ဂိုလ်၏ လုပ်ရပ်များသည် တစတစ မှေးမှိန်လာတော့သည်။ အများရှေ့ဝယ် ဘာလိုလို၊ ညာလိုလို ဟန်ပန်ဖြင့်နေနေသော်လည်း ထိုပုဂ္ဂိုလ်၏ မျက်နှာသည် ကိုယ်ကျင့်သိက္ခာ၏ ဆိုးရွားမှုကြောင့် မတင့်တယ်တော့ပေ။

အဖွဲ့အစည်းတစ်ခုအနေအားဖြင့် ဟန်ပြကောင်းခြင်းလျှင်။ အများအထင်အားဖြင့် ယုံကြည်မှုကောင်းစေသည်။ ဟိတ်ဟန်အပြကောင်းသည်။ သို့သော်လည်း အဆိုပါအဖွဲ့စည်းများ၏ ကျန်အင်လက္ခဏာများသည်ကား ဗူးပေါ်သလိုဘွင်းဘွင်း ကြီးပေါ်လာတတ်ပြီး၊ ပျက်စီးမှုဆီသို့ မောင်းနှင်းသွားရတတ်သည်။ ဖြစ်တတ်သော သဘာဝတရားတစ်ခုကို ထုတ်ဖော်ရမည်ဆိုလျှင် လုပ်ရဲကိုင်ရဲ စိတ်ဓာတ်၊ မဟုတ်မခံ စိတ်ဓာတ်ဖြင့် ထိပ်တက်လာသူမျိုးကို နေရာမပေးချင်ကြ၊ ပုတ်ခတ်တတ်သည်။ အပြစ်မျိုးစုံ ပြလျက် ရန်မူတတ်သည်။ မိမိအား သာသွားမည်ဟု ထင်သောအသိဖြင့် အဆိုပါလူမျိုးကို ခေါင်းဆောင်သူများသည် နေရာမပေး ချင်ကြပေ။ ဂုဏ်ပကာသနအားဖြင့် ဘာဘွဲ့၊ ညာဘွဲ့စသည်ကိုသာ ဦးစားပေးတတ်သည်။ သို့သော် ကိုယ့်ကျင့်သိက္ခာကိုကား အလေးမမူခဲ့ကြပေ။ ထိုကဲ့သို့သော အဖွဲ့စည်းသည် အများအမြင်မှာ တင့်တယ်သည်ဟု ဆိုရသော်လည်း အတွင်းမှာတော့ အူတိုင်ပြုတ်သည့် ချည်ခင်လို ရှုပ်ထွေးပွေလိမ်နေတတ်သည်။ မစ္ဆရိယများဖြင့် အတ္တကိုမင်းမူနေခဲ့သော လူသားတစ်ယောက်၏ ခေါင်းဆောင်မှုအောက်သို့ ကျဆင်းရင်း နစ်မြုပ်ကြရမည့် အပြစ်မဲ့လူသားများစွာကို ဆွဲတင်ဖို့လိုသည်။

ပုထုဇဉ်ဆိုတာ အဂတိလိုက်မှာပဲ၊ အဂတိမလိုက်တော့ရင် အရိယာဖြစ်သွားပြီပေါ့-သူငယ်ချင်းတစ်ယောက် ပြောဖူးသည်။ အစပိုင်းတော့ မှန်သည်ဟု ထင်မြင်သလိုလိုနဲ့ ထောက်ခံရတော့မယ်လိုလိုဖြစ်သွားဖူးသည်။ သို့သော် အဆိုပါ အပြောအဆိုမျိုးကိုပင် ပြောဆိုရဲသော လူသားများသည်ပင် ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ မပြောသော်လည်း သိသွားစေသည်။ ဒီစကားကို ပြန်ဖြေပါ မည်။ ဟုတ်ပါလိမ့်မည်။ ပုထုဇဉ်ဆိုသည်မှာ အဂတိလိုက်စားတတ်ကြပါသည်။ လက်ခံပါသည်။ သို့သော် အရိယာဆိုသော ပုဂ္ဂိုလ်များသည် ဘယ်လိုသောဘဝကနေ သွားရပါသနည်း၊ အဘယ့်ကြောင့် အရိယာဟု သတ်မှတ်ပါသနည်း၊ လျှောက်ခဲ့သော လမ်းကြောင်းများကို ခြေရာပြန်ကောက်ပြခဲ့ပါ။ ထိုကဲ့သို့သော မေးခွန်းများကို ဖြေကြည့်ဖို့လိုပါလိမ့်မည်။ အနည်းနဲ့အများတော့ ရှိပါလိမ့်မည်။ လက်ခံပါသည်။ သို့သော် များလျှင်တော့မကောင်း၊ တစ်ခါ၊ နှစ်ခါ၊ သုံးခါကောင်းသေး၏။ တော်သေး၏။ သို့သော် ရှောင်နိုင်သမျှ ရှောင်ရှားခြင်းသည်ကား ပိုပြီးလူသားဆန်လာလိမ့်မည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်များ၊ လုပ်ရပ်များသည်လည်း ကိုယ်ကျင့်သိက္ခာကို အခြေခံပြီး ဖြစ်ပေါ်လာမှုများဖြစ်သည်။

ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာက ထွက်-ဟူသော ဇာတ်တော်တစ်ပုဒ်ကို ဖတ်ဖူးကောင်းဖတ်ဘူးပါလိမ့်မည်။ အလီနသတ္တုဇာတ်တော်ဖြစ်သည်။ ဇယဒိသမင်းကြီးသည် မိမိတာမှထွက်သွားသော ရွှေသမင်းအား လိုက်ရင်း ဘီလူး၏ပိုင်နက်သို့ ရောက်သွားခဲ့သည်။ ဘီလူး၏အစာဖြစ်သွားသည်။ ပြန်လည်အစားခံမည်ဟု ပြောဆိုကာ ဘီလူးထံမှထွက်လာခဲ့သည်။ သို့အတွက် သားတော် အလီနသတ္တုမင်းသားအား မိမိအစား ဘီလူးအစားခံရန် လွှတ်လိုက်သည်။ မင်းနှစ်ပါး၏ သီလဖြူစင်မှုကြောင့် ဘီလူးစားခြင်းဘေးရန်မှ လွတ်မြောက်ခဲ့သည်။

ထိုအဖြစ်အပျက်ကို သုံးသပ်ကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးသည် ပုထုဇဉ်အားလျော်စွာ သေခြင်းတရားကို ကြောက်စရာ ကောင်းသည်ဟု ထင်မြင်ကြပါသည်။ ထိုကဲ့သို့ ထင်သော်လည်းပဲ သူတို့သည် ပေးထားသော ကတိ၊ ကိုယ်ကျင့်သိက္ခာပျက်ယွင်းမှုကို ကား ပို၍ ကြောက်စရာကောင်းသည်ဟု ထင်မြင်ခဲ့ကြသည်။ သို့အတွက် အများအတွက် စံအဖြစ်သတ်မှတ်ကာ ကိုယ်ကျင့် သိက္ခာပျက်စီးမှုကို ပဓာနမထားဘဲ ဘီလူးအား ကတိပေးထားသည့်အတိုင်း အစားသွားခံခဲ့ခြင်းဖြစ်ပါသည်။ တရားသဘောအားဖြင့် ကြည့်မြင်မည်ဆိုလျှင် သေခြင်းတရားဆိုတာ တစ်ဘဝအတွက်သာ ဒုက္ခဖြစ်စေပြီး၊ ကိုယ်ကျင့်သိက္ခာပျက်ယွင်းခြင်းက ဘဝများစွာ သံသရာ ကျင်လည်သည့်အလျောက် ဘဝများစွာအတွက် ဒုက္ခကိုဖြစ်စေသည်ဟု ထင်မြင်ခဲ့ကြသည်။ သို့အတွက် အသက်ကို ပဓာနမထားဘဲ ကိုယ်ကျင့်သိက္ခာကို ဦးစားပေးခဲ့ကြသည်။

စာရိတ္တမဏ္ဍိုင်ကြီး ပြိုလဲမှုနှင့်အတူ ကမ္ဘာကြီးသည်လည်း ကြောက်မက်ဖွယ် ဘေးရန်များဖြင့် ဝန်းရံခြင်းကို အလူးအလိမ့် ခံနေကြရသည်။ ဘေးရန်အန္တရာယ်များစွား၏ ဇာစ်မြစ်ကို ရှာဖွေမည်ဆိုလျှင် ကိုယ်ကျင့်သိက္ခာသည် ပင်မရေသောက်မြစ်ဖြစ်သည်။ ပင်မရေသောက်မြစ်ဖြစ်သော ကိုယ်ကျင့်တရားများ ပျက်စီးယိုယွင်းလာမှုနှင့်အမျှ လောကကြီးတစ်ခုလုံး ကြောက်မက်ဖွယ် ဘေးအန္တရာယ်များသည် တစ်ခုပြီး တစ်ခု ပြန်လည်ခြိမ်းခြောက်လာခြင်းကို ခံကြရသည်။ စာရိတ္တမဏ္ဍိုင်သည် လူ့ဘဝ တည်ဆောက်ရာ၌ မရှိ မဖြစ် လိုအပ်သော ဒေါက်တိုင်ဖြစ်သည်။ အဆိုပါ ဒေါက်တိုင်များ ပြိုကျမှု၊ ဆွေးမြေ့မှု၊ ခိုင်မြဲခြင်းမရှိမှုများ ဖြစ်ပေါ်လာသည်နှင့်အမျှ လူသားဘဝသည်လည်း တအိအိပြိုလဲသွားရပေတော့သည်။

'' စံပယ်၊ ကြက်ရုံး၊ စန္ဒကူး၊ တောင်ဇလပ်စတဲ့ ပကတိပန်းရနံ့ဆိုတာ လေစုန်ကိုပဲသွားတယ်၊ လေညာကိုမဆန်တက်နိုင်ဘူး။ ဒါပေမယ့် ကိုယ်ကျင့်သိက္ခာဆိုတဲ့ စာရိတ္တမဏ္ဍိုင်မပြိုလဲဘဲ သီလရနံ့နဲ့ ပြည့်စုံနေတဲ့ သူတော်ကောင်းတွေရဲ့ ရနံ့ကတော့ လေစုန်ကိုပဲဖြစ်ဖြစ်၊ လေညာကိုပဲဖြစ်ဖြစ်၊ အရပ်မျက်နှာတိုင်းကို ရနံ့များ သင်းပျံ့စေတယ် ''(ဗုဒ္ဓ)။




မောင်မင်းစိုး၊ရွှေနံ့သာ၊

1 comment:

ALVARO said...

I am an educator and I am constantly gathering information, I invite you to visit the mine on philosophy, literature and film. If you want to know, the address is:

http://alvarogomezcastro.over-blog.es

Greetings from Santa Marta, Colombia.