Monday, July 16, 2012

ကဗျာလေးတွေ တင်လိုက်ပါတယ်။

အနာ
     ကြိတ်မနိုင် ခဲမရဖြစ်ခဲ့ပေမယ့် အခုတော့ အနာတွေက အမာရွတ်ပဲ ရှိတော့တယ်
    အနာဆိုတာ အလို့ နာခဲ့ရတာလား။ အား လို့တောင် မအော်နိုင်ခဲ့တဲ့ နာကျင်မှုတွေ
    အမှားတွေကြောင့် နာခဲ့တယ် အမှန်တွေကြောင့် နာခဲ့တယ်
    အမှား အမှန်တောင် ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ၀ါဒတွေနဲ့ အနာတွေ
    အစိုးရကြောင့် နာခဲ့တယ် အစိုးမရကြောင့် နာခဲ့တယ် အစုပ်အပြတ်တွေကြောင့် နာခဲ့တယ်
    ““အခုတော့လည်း ဒါတွေ ပြီးခဲ့ပါပြီ”” သီချင်းစာသားကို ငြီးတွားမိတယ်။
    မူဝါဒတွေနဲ့ တုပ်နှောင်ခံကာ ဘယ်ညာတိမ်းရင်း လွတ်မြောက်ခဲ့တဲ့ အနုပညာတွေလည်း
    ခြတွေစား ပိုးတွေထိုး သမိုင်းဟာ ငါးဆယ်ပေးရုံနဲ့ ရောက်တဲ့နေရာမဟုတ်ဘူး
    ဘ၀တွေ အသက်တွေ သွေးတွေ ချွေးတွေ နာကျင်မှု ဒဏ်ရာဒဏ်ချက်တွေနဲ့
    ပက်လက်လှန် လျှောက်ခဲ့ရတဲ့ လူ့ဘ၀ရဲ့ မှတ်တိုင်တစ်ခု အခုတော့လည်း နာကျင်မှုတွေကို
    ကြင်နာမှုတွေနဲ့ အစားထိုးဖို့ လုပ်နေခဲ့တယ်။
    တနုံ့နုံ့ ခံစားခဲ့ရတဲ့ အလုပ်သမတွေလည်း လမ်းပေါ်တက်လို့၊
    ဖိနှိပ်ခံ ကျောမွဲလူတန်းစား တောင်သူကြီးတွေလည်း
    ဘိုးဘွားပိုင် လယ်မြေတွေအတွက် အမှန်တရားကို ထုဆစ်ဖို့ လိုင်းပေါ်တက်လာခဲ့ပြီ
    အတားအဆီး အဆို့အပိတ် လွတ်လပ်မှုမရှိတဲ့ တင်ပြမှုတွေနဲ့ သတင်းသမားတွေဟာ
    အိမ်ကြက်ချင်း အိုးမဲသုတ်ခဲ့တာတွေ ဆေးကြောသန့်စင်ပြီး အလင်းရောင်တွေ ထွန်းညှိခဲ့ပြီ
    မပြောချင်ပေမယ့် ပြောရဦးမယ် ဒါဟာ လုပ်ကြံမှုမဟုတ်တဲ့ အမှန်တရားပဲ
    မေ့ဖျောက်လို့မရတဲ့ သမိုင်းစာမျက်နှာတွေပဲ တဖြည်းဖြည်း လောင်မြိုက်နေဦးမယ့် နာကျင်မှုတွေပဲ
    အရေးအကြောင်းတွေကြောင့် အကြောင်းအရာတွေ ရေးခဲ့ပါတယ်။
                မောင်မင်းစိုး


ရက်ရက်စက်စက် ချစ်ပစ်လိုက်
    အရှင်လတ်လတ် မေ့ဖျောက်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်
    သမူဟနာမ်တွေဟာ လဲပြိုကျနေခဲ့တယ်
    တိုက်စားခဲ့တဲ့ ရေစီးကမ်းပြိုတွေဟာ တိုက်တိုက်စားစား စည်းကမ်းတွေကို တွန်းဖြိုခဲ့တယ်
    အနာဂတ်ဆိုတာ အအတွေကြောင့် နာနာကျင်ကျင်နဲ့ ဂတ်ထဲရောက်ခဲ့ပေမယ့်
    တိမ်ပြိုရာသီမှာ တိမ်တိုက်တွေ အိတွဲပျော်ကျလာခဲ့တယ်
    ဆုတ်ကပ်ခေတ်ကြီးထဲ အဆုတ်တွေလည်းမကောင်းတော့ ကျောက်ကပ်တွေလည်းပျက်စီးနေခဲ့တယ်
    မျက်ကွယ်ပြုလိုက်တော့ အမျက်တွေလည်း ကွယ်ပျောက်သွားခဲ့တယ်
    ကေလာသတောင်တန်း ပျံသန်းနေတဲ့ ငှက်တစ်အုပ် မိုးလင်းတော့
    အတောင်ပံဖြန့် ဆန့်တန်း တဖြတ်ဖြတ်ခတ် အစာရှာထွက်
    ဘ၀ကြီးငယ် အသက်ဆက်ဖို့ ဇာတ်တူသားမစားဘူး အသက်ရှုသံသဲ့သဲ့ လှုပ်ခတ်ရင်း
    မိုးချုပ်တော့ အိပ်တန်းပျံခဲ့ကြတယ်
    ဘ၀တွေ ငှက်တွေလိုရှင်သန်ဖို့ ငါတို့အားလုံး ရက်ရက်စက်စက် ချစ်ပစ်လိုက်
    ရက်ရက်စက်စက် ချစ်ပစ်ကြဖို့ ရက်စက်မှုတွေ ခြစ်ပစ်ဖို့လိုတယ်
    ဒါဟာ ရှင်သန်ဆဲ နှလုံးသားတွေရဲ့ စောစောထ မျက်နှာသစ် သွားတိုက် အိပ်ယာသိမ်း
    အစာစား အလုပ်သွား အိပ်တန်းဝင်ခြင်းပဲပေါ့။
                                                     မောင်မင်းစိုး



တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့
လိုဘတွေ တစ်ရစ်ပြီး တစ်ရစ် တက်လာနေခဲ့တယ်

နာကျင်နေတဲ့ အနာအဆာနဲ့ ဆာနေတဲ့ အနာတွေရဲ့
တုန့်ပြန်ကိုက်ခဲမှု ဒဏ်ရာတွေကို ချိုးဖဲ့စားသောက်နေရတာ
တစ်ညလုံး တစ်ယောက်တည်း စူးစူးဝါးဝါးအော်သံတွေနဲ့
တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်မှုတွေနဲ့ ကြောက်တယ်။

မလိုအပ်ဘူး မလိုချင်ဘူး ငါ့မှာ နွေးနွေးထွေးထွေး
နွေးထွေးတဲ့ မေတ်္တာအတုနဲ့ သေခြင်းတရားကို အသေအချာ မြင်ရတာ
နံရံပေါ်ချိပ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ မွတ်သိပ်မှုတွေအတွက်
ဘယ်လိုသစ်္စာတရားနဲ့ အသစ်ဆာလောင်မှုတွေကို ဖြေရှင်းကြမှာလဲ။

ကမ်္ဘာကြီးရဲ့ ၀ပ်ကျဉ်းတစ်ခုမှာ ၀ဋ်ကြွေးတွေ ကျဉ်းမြောင်းသွားစေဖို့
တောင်းဆုချွေသံတွေနဲ့ စိတ်တွေ မောမောဟိုက်ဟိုက် မောဟိုက်နေခဲ့တာ
ဘယ်လိုအမှားတွေနဲ့ မှားမှားယွင်းယွင်း မှားယွင်းနေကြဦးမှာလဲ
တစ်ခါတလေတော့လည်း မေးခွန်းတွေက မေးမောနေခဲ့ရပါတယ်။

ဒီတစ်နှစ်ကုန်တော့ နောက်တစ်နှစ် နောက်တစ်နှစ်ကုန်တော့ နောက်ထပ်နှစ်တွေပေါ့
နှစ်တွေထဲ နစ်မြှပ်နေခဲ့တာ မြှပ်နေတဲ့နှစ်တွေ ထပ်ထပ်ပြီး နစ်နေခဲ့တာ
နိုးတစ်ဝက် အိပ်မက်တဲ့ အိပ်မက်တောင် တစ်ဝက်ပဲ နိုးနေရတဲ့ ဒီဘ၀မှာ
ခံတပ်တွေ လုံအောင်ဖာဖို့၊ ဖာဖြစ်သွားတဲ့ ဖားတွေရဲ့ အော်သံက
ငါတို့ရဲ့ ပူလောင်မှုတွေနဲ့ ပူနေတဲ့အမှုတွေ လောင်းကျွမ်းနေခဲ့တယ်။

တစ်ထပ်ပြီး တစ်ထပ် ဆွဲခွါချတော့
လိုအပ်မှုတွေက တစ်ရစ်ပြီး တစ်ရစ် ယစ်ရစ် တက်လာနေခဲ့တယ်။

မောင်မင်းစိုး
(၁၇-၁၁-၂၀၁၁)
အိုင်ဒီယာ

1 comment:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog