Wednesday, November 18, 2015

လူငယ်နှင့် ပျော်ရွှင်မှု

 ပျော်ရွှင်မှုဆိုတာကလည်း လူတိုင်းလိုလိုရဲ့ ဓာတ်စာတစ်ခုပါပဲ။
ပျော်ရွှင်ချင်ကြတာဟာ ပုထုဇဉ်လူသားတွေ ရဲ့ အဓိကလိုလားတောင်းတချက်တစ်ခုလို့
ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒီတော့ ပျော်ရွှင်စရာအာရုံအမျိုးမျိုး ကို
ရှာကြတယ်။ အဓိကကတော့ စိတ်ရဲ့ပျော်ရွှင်မှုပါပဲ။ စိတ်ထောင်းလို့ ကိုကြေ၊
စိတ်ပျိုလို့ ကိုယ်နုဆိုတဲ့အတိုင်း အထူးသဖြင့်ကတော့ စိတ်ပျော်ရွှင်မှုဟာ
အခရာပါပဲ။ စိတ်ဓာတ်ပျော်ရွှင်နေရင်လည်း ကိုယ်လည်းအလိုလိုနေရင်း
ကျန်းမာနေခြင်းဆိုတာတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဟိုတလောလေးက
လူငယ်တစ်ယောက်နဲ့ ပျော်ရွှင်မှု အကြောင်းကို ပြောဆိုဖြစ်ပါတယ်။

        သူကတော့ လောလောဆယ် စိတ်ဓာတ်တွေ ကျနေခဲ့တယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့
စိတ်ဓာတ်တွေ ကျနေခဲ့ တာလဲဆိုတော့ လုပ်ချင်တာတွေ မလုပ်ရလို့တဲ့။ ဟုတ်ပြီ၊
ဒါဆို အဲဒီလိုလုပ်ချင်တာတွေ မလုပ်ရအောင် ဘာတွေ တားဆီးခံထားရတာလဲ၊
သို့မဟုတ် ဘယ်သူတွေက ပိတ်ဆို့ထားလို့လဲဆိုတော့ ငွေမရှိလို့ပါပဲ။
ငွေရှိရင် ပျော်ရွှင်စရာ တွေက အလိုလိုရောက်လာမှာလားဆိုတော့ ငွေဟာ
လူသားဘဝရဲ့ အတော်များများကို ကျော်ဖြတ်သွားလို့ ရတယ် တဲ့။ ငွေမရှိရင်
ဘာမှလုပ်လို့ မရဘူးတဲ့။ ဒါကြောင့် သူ့အနေနဲ့ ငွေကို လိုအပ်တယ်တဲ့။ ဒါဟာ
လောလောလတ်လတ် လူငယ်တစ်ယောက်ဖြစ်နေတဲ့ အနေအထားပါပဲ။ ငွေမရှိလို့
စိတ်ဓာတ်ကျစရာတွေ အလိုလိုဝင်ရောက်လာနေခြင်း ဖြစ်တယ်လို့ သူကပြောပါတယ်။

        ငွေမရှိရင် မပျော်ရွှင်ရတော့ဘူးလား၊ ဒါကိုလည်း ထည့်ပြီးစဉ်းစားသင့်ပါတယ်။
မှန်ပါတယ်။ သူပြောသလို ငွေဟာ အရာအတော်များများကို ဖြေရှင်းလို့
ရနိုင်ပါတယ်။ ငွေရှိရင် လုပ်စရာအတော်များများကို လုပ်လို့ရပါတယ်။
ဒါပေမယ့် လောကမှာငွေမရှိဘဲနဲ့ ပျော်ရွှင်နေရသူတွေ မရှိတော့ဘူးလား။ သူတို့
ဘယ်လိုနေထိုင် နေရသလဲ။ ရှင် သန်မှုပုံရိပ်တွေကိုလည်း စဉ်းစားမိပါတယ်။
ဆိုတော့ အဓိက ဘာတွေ့ရလဲဆိုတော့ စိတ်ပါပဲ။ စိတ်ဟာ အရာရာကို
ဦးဆောင်နေခဲ့ပါတယ်။ ဒီစိတ်ရဲ့ ပျော်ရွှင်မှုကိုလည်း အထူးသဖြင့်တော့
ယောနိသောမနသိကာရ-ဆိုတဲ့ နှလုံးသွင်း ကောင်းခြင်း၊ အကောင်းမြင်ခြင်းက
ဦးဆောင်စေပါတယ်။ ပျော်ရွှင်မှုကို ဒါနဲ့ ဖန်တီးလို့ ရပါတယ်။

        တကယ်တော့ ငွေရှိပြီး မပျော်ရွှင်ရတဲ့လူတွေလည်း များစွာတွေ့ရပါတယ်။
သူတို့ကျတော့ ဘာဖြစ်လို့ ငွေ ရှိပြီး မပျော်ရွှင်ရတာလဲ။ ဒါဟာလည်း
စဉ်းစားစရာကောင်းတဲ့ အခြေအနေပါပဲ။ တကယ်တမ်း အရင်းစစ်လိုက်ရင်
စိတ်ထားတတ်ခြင်း၊ စိတ်မထားတတ်ခြင်းဆိုတဲ့ စိတ်ကိုပဲ သွားပြီးတွေ့ရပါတယ်။
တကယ်တော့ အကောင်းမြင်စိတ် ဟာ လူသားဘဝရဲ့ လှပတဲ့စရိုက်လက္ခဏာတစ်ခုပါပဲ။
လူတိုင်းအနေနဲ့ကတော့ အမှားတွေနဲ့ ကင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်
ဒီအမှားတွေကိုပဲကြည့်ပြီး အပြစ်ရှာပြီးနေခဲ့မယ်ဆိုရင်တော့
ဒီအပြစ်ရှာစိတ်ကြောင့်ပဲ ပထမဦးဆုံး ကိုယ် တိုင်ဆင်းရဲရမှာဖြစ်ပါတယ်။
စိတ်ဆင်းရဲပြီဆိုရင်တော့ ခုနကပြောတဲ့ ပျော်ရွှင်မှုဟာလည်း အလိုလိုပဲ
ကင်းပျောက် နေခဲ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဟာ အရေးကြီးတယ်လို့
မြင်တယ်။

        နောက်တစ်ခု ဒီစိတ်ကျန်းမာဖို့အတွက် ဘာနဲ့ဖြေရှင်းလို့ ရမလဲ။
ဖြေရှင်းစရာတွေကတော့ များပြားစွာ ရှိနေခဲ့ပါလိမ့်မယ်။ မေတ္တာဓာတ်နဲ့
ထုံမွှမ်းထားမလား။ အကောင်းမြင်စိတ်နဲ့ တည်ဆောက်မလား။ ဘာသာရေး အသိကပေးတဲ့
ကျင့်ဝတ်တွေနဲ့ ရှင်သန်မလား၊ အများအပြားရှိနေခဲ့ပါတယ်။ ဒါပေမယ့်
စိတ်ကျန်းမာဖို့အတွက် စာဖတ်ခြင်းဟာလည်း အထောက်အကူပြုတယ်ဆိုတဲ့
အချက်တစ်ခုကို ကြားဖူးပါတယ်။

        တစ်ခါက လူတစ်ယောက်က စာရေးဆရာ ဂျိုးဆက်အယ်ဒီဆင်ကို မေးခွန်းတစ်ခု
မေးဘူးပါတယ်။ ဒါကတော့ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဂျိုးဆက်အနေနဲ့
ဘယ်လိုတည်ဆောက်ပြီးတော့ စိတ်ကျန်းမာအောင်၊ ကိုယ်ကျန်းမာ အောင်
နေထိုင်သလဲဆိုတဲ့ မေးခွန်းပါပဲ။ ဘယ်လိုအားကစားတွေ လိုက်စားလိုလဲ၊ ဘယ်လို
လေ့ကျင့်ခန်းတွေ လုပ်လို့လဲပေါ့။ မေးခွန်းရဲ့ အဖြေကို ဂျိုးဆက်က
တစ်ခွန်းတည်းပဲ ပြန်ဖြေပါတယ်။

        စာဖတ်လို့ပါပဲတဲ့။ စာဖတ်ခြင်းကြောင့် စိတ်ကို လေ့ကျင့်ခန်းလုပ်ပေးသလို
ဖြစ်စေပါတယ်။ ဘယ်လိုစာပေ ကို ဖတ်တတ်တဲ့၊ ဖတ်တဲ့ဝါသနာက လူသားတွေကို
ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုရာသီဥတုမှာ ဘယ်လိုအစား အစာကို စားရမလဲ၊
ဘယ်လိုအစားအစာဟာ လူသားတွေအတွက် အဓိက ဓာတ်စာဖြစ်သလဲဆိုတာကို တွေ့ရပါတယ်။
ဒါကို တွေ့ရှိခြင်းဖြင့် ရှောင်ကြဉ်လိုက်နာစရာတွေကို လိုက်နာလို့အခုလို
ကျန်းမာကြောင်းပြောပါတယ်။

        နောက်တစ်ခုက စာဖတ်ခြင်းဟာ အထက်ကပြောသလို ဘယ်လို လေ့ကျင့်ခန်းတွေ
လုပ်ရမလဲ။ ဘယ်အရွယ် မှာ ဘာတွေမှီဝဲရမလဲ။ လမ်းလျှောက်ရခြင်းရဲ့
အကျိုးကျေးဇူးစတာတွေ၊ ဘယ်လိုအချိန်မှာ ဘယ်လိုစားသောက်ရ မလဲဆိုတာတွေလည်း
သိစေပြီးတော့ သိတဲ့အတိုင်း လိုက်နာပြီး ကိုယ့်ဘဝကို
တည်ဆောက်နိုင်ခြင်းဟာလည်း ကျန်းမာခြင်းရဲ့ ရလာဒ်ကို
ဖန်တီးပေးနိုင်တယ်ဆိုတာကို သူကရှင်းပြပါတယ်။

        ဆိုတော့ ကိုယ်စိတ်နှစ်ပါး ကျန်းမာဖို့အတွက် တည်ဆောက်ရမှာတွေ၊
လိုက်နာရမှာတွေတွေကတော့ အများ ကြီးပါပဲ။ ဒါပေမယ့် အထက်ကပြောခဲ့သလို
ပျော်ရွှင်မှုဟာလည်း အရေးပါတဲ့ အချက်ဖြစ်တာကြောင့် စိတ်နဲ့ ကုစား လို့လည်း
ရနိုင်တယ်ဆိုတာကိုတော့ သိစေချင်ပါတယ်။ လူငယ်တွေအနေနဲ့
အပျော်အပါးဆိုတာတွေကိုတော့ လို ချင်ကြတယ်။ ဒီအပျော်ဟာ
ကျန်းမာတဲ့အပျော်ဖြစ်ဖို့ လိုအပ်ပါတယ်။ ကျန်းမာခြင်းဟာလည်း ကိုယ်ရော၊
စိတ်ရော ကျန်းမာဖို့ပါပဲ။ ဒါကြောင့် ဆုတောင်းမှုအသီးသီး
တောင်းတဲ့အခါဖြစ်ဖြစ်တဲ့၊ တစ်စုံတစ်ဦးက ဆုပေးတဲ့အခါပဲဖြစ်ဖြစ်
ဒီအချက်ကို ထည့်သွင်းပြီးတော့ တောင်းလေ့၊ ပေးလေ့ရှိပါတယ်။
ကိုယ်စိတ်နှစ်ပါး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဆိုတာပါ။

        အပျော်ဆိုတာနဲ့ ပတ်သက်ပြီးတော့ တွဲပြီးသုံးတဲ့စကားလုံးတွေကို
လည်း
ထည့်ပြီးစဉ်းစားသင့်ပါတယ်။ ခုနက ပြောခဲ့တဲ့ ပျော်ရွှင်ခြင်း
ပျော်စရာရဲ့နောက်မှာ စိတ်ဓာတ်တွေ တက်ြ<ွကရွှင်လန်းနေခြင်းကို
ပြောတာဖြစ်တဲ့အတွက် ပျော်ရွှင်ခြင်းဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါပဲ။
အပျော်အပါး-ဒီစကားလုံးရဲ့ နောက်ဆက်တွဲ တွဲလုံးကတော့ အပါးဆိုတာပါပဲ။
ပါးတယ်ဆိုတာ များသောအားဖြင့် မကောင်းမှုဆီကို တွန်းပို့တဲ့စကားလုံးအဖြစ်
သုံးတတ်ကြပါတယ်။ ပါးတယ်ဆိုတာ စိတ်ဓာတ်တွေ ကြံ့ခိုင်မှုမရှိဘဲ၊
ဖွံ့ဖြိုးမှုမရှိဘဲ၊ ဆုတ်ယုတ်လာပြီး ပါးသွားခြင်းကို ဆိုလိုတာ ဆိုရင်တော့
ပျော်ပြီးရင်း စိတ်ဓာတ်တွေ ပါးလွှားသွားတာဖြစ်တာကြောင့် မကောင်းတဲ့
စကားလုံးဖြစ်တာကြောင့် အပျော်အပါးဆိုတာတော့ ထိုက်သင့်သလောက်
ရှောင်ကြဉ်ရပါမယ်။

        နောက်တစ်ခု အပျော်အပျက်၊ ဒါကတော့ လုံးဝမကောင်းတဲ့ တွဲလုံးပါပဲ။
ပျော်ပြီးရင် ဘဝမှာပျက်သွားမယ့် အနေအထားဖြစ်တာကြောင့်
အပျော်အပျက်ဆိုတာကတော့ လုံးဝရှောင်ကြဉ်ရမယ့် အထုံ၊ ဓလေ့၊ ဝါသနာပါပဲ။
ပျော်ပြီးလို့ ပျက်သွားရင် နလံမထူးနိုင်တော့ဘဲ ခုနကပြောခဲ့တဲ့
လုံးပါးပါးရာကတော့ ဘာမှအသုံးချလို့မရအောင် ပျက်စီးသွားတာဖြစ်တာကြောင့်
ဒီလိုပျော်ခြင်းမျိုးကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။ ဒါကတော့
သိသာထင်ရှားတဲ့ အပျော်ဆိုတဲ့စကားလုံးနဲ့တွဲသုံးတတ်ကြတဲ့ စကားလုံးတွေနဲ့
ထိရောက်မှု၊ သက်ရောက်မှုတွေပါပဲ။

        ပျော်ရွှင်မှုဟာ ကြင်နာမှုကြောင့်လည်း ဖြစ်အောင်လုပ်လို့ ရပါတယ်။
ပျော်ရွှင်မှုကို စာနာမှု၊ နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုဆိုတာတွေနဲ့လည်း
တည်ဆောက်လို့ ရပါတယ်။ ပျော်ရွှင်မှုဟာ မေတ္တာတရားနဲ့လည်း တည်ဆောက်လို့
ရပါတယ်။ ပျော်ရွှင်မှုဟာ မုဒိတာနဲ့လည်း ဖန်တီးလို့ ရပါတယ်။ ပျော်ရွှင်မှုဟာ
ငွေထက်ကောင်းတဲ့ အသိစိတ်ဓာတ်တွေနဲ့ တည်ဆောက်လို့ရနိုင်တဲ့အတွက်
စိတ်ဓာတ်နဲ့ဖန်တီးတည်ဆောက်နိုင်တဲ့ ပျော်ရွှင်မှုမျိုးကို များများ ရအောင်
ရှာနိုင်ဖို့လိုအပ်ပါတယ်။

        အရေးကြီးဆုံးကတော့ စိတ်ဓာတ်ပျော်ရွှင်ဖို့ဟာ အထက်ကပြောသလို ငွေဟာ
အရေးကြီးပါတယ်။ ဒါပေမယ့် ငွေထက်အရေးကြီးပြီးတော့ အရင်းအနှီးမများသော်လည်း
ပိုမိုထိရောက်တဲ့ ပျော်ရွှင်ခြင်းမျိုးကို ရစေနိုင်တာကတော့
စိတ်ထားကောင်းခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်ဓာတ်ကျမှုတွေကို
တွန်းထုတ်နိုင်တဲ့ ကြံ့ခိုင်မှုပါပဲ။ ဒါကြောင့် လူငယ် ပီပီ
ပျော်ရွှင်မှုကို လိုချင်တာဟာ အပြစ်မဟုတ်ပါဘူး။ ပျော်ရွှင်စရာတွေကိုလည်း
ကိုယ်တိုင်ရှာဖွေတည်ဆောက်လို့ ရပါတယ်။ ဒါပေမယ့် ပျော်ပြီးရင်
လုံးပါးပါးသွားတာမျိုး၊ ပျော်ပြီးရင် ပျက်စီးသွားတာမျိုးဆိုတဲ့
အပျော်အပါး၊ အပျော်အပျက်ဆိုတာမျိုးတွေကိုတော
အထူးသဖြင့်ရှောင်ကြဉ်နိုင်ကြပါစေကြောင်း တိုက်တွန်းစကားဆိုရပါတယ်
 
မောင်မင်းစိုး
အတွဲ ၂၊ အမှတ် ၂၀၊ ၂၀၁၅
Myanmar Review ဂျာနယ်။

No comments: